နှစ်သက်တမ်း ၃၄ သန်းရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ငါးမန်းခေါင်းကို တွေ့ရှိခဲ့တဲ့ ကျောင်းသူလေး

20.9.23-yyl-6.jpg

လင်ဆေးစတောဝါ့သ်ဆိုတဲ့ ကောင်မလေးက ငါးမန်းအစွယ် ရှာဖွေရတာကို ဝါသနာထုံသူပါ။ သူဟာ ငယ်ငယ်လေးကတည်းက သူတို့ခြံထဲမှာ ငါးမန်းအစွယ် လိုက်ရှာလေ့ရှိပါတယ်။ ဟိုအရင်ကဆိုရင် အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်ဟာ ရေဖုံးလွှမ်းခံရတဲ့ တည်နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ်းခြေနဲ့ မနီးတဲ့ နေရာတွေမှာတောင် ကျောက်ဖြစ်ရုပ်ကြွင်း ငါးမန်းအစွယ်တွေ တွေ့ရတတ်တာပါ။

အထက်တန်းကျောင်း ရောက်ချိန်မှာ သူ့ဆရာက ‌ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တစ်ဦး ဖြစ်နေတာကို လင်ဆေးစတောဝါ့သ်က သတိထားမိသွားတယ်။ လင်ဆေးစတောဝါ့သ်က သူ စုထားတဲ့ ငါးမန်းအစွယ်တွေကို သူ့ဆရာထံ ပြတယ်။ ဝါသနာတူ ဆရာတပည့်တွေဖြစ်လို့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ အတူတူရှာကြတယ်။

တစ်နေ့မှာတော့ ကျောက်ဖြစ်ရုပ်ကြွင်းရှာရင်း ကျောက်ဆောင်ထဲကနေ တိုးထွက်နေတဲ့ အရိုးလေးတစ်ခုကို လင်ဆေးက တွေ့သွားတယ်။ သူတို့က ကျောက်ဆောင်ကို တူးကြတယ်။ ဆောက်နဲ့ သတိထားပြီး ထွင်းရတာဆိုတော့ အချိန်ယူရတယ်။ ၃ ၊ ၄ ရက် ကြာချိန်မှာတော့ ဒါက ငါးမန်းအစွယ်တစ်ခု မဟုတ်ဘဲ ငါးမန်းခေါင်းကြီး တစ်ခုလုံးဖြစ်နေတာ သိခဲ့ကြတာပါ။

သူတို့က လနဲ့ချီပြီး တူးဖော်ခဲ့ရတယ်။ အလာဘားမားပြည်နယ် သိပ္ပံနဲ့ သင်္ချာကျောင်းမှာ ဓာတ်ခွဲစစ်ဆေးကြည့်တော့မှ လင်ဆေး တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ငါးမန်းခေါင်းကြီးက နှစ်သက်တမ်း ၃၄ သန်း ရှိနေတဲ့ ရှားပါးရုပ်ကြွင်းဖြစ်နေမှန်း သိခဲ့ရတာပါ။ သူတို့ ဆရာတပည့်ဟာ လာမယ့်နှစ်ကျရင် အဲဒီနေရာကို ထပ်သွားပြီး ငါးမန်းကိုယ်ထည်ရော ရှိနေမလားဆိုတာကို ထပ်မံရှာဖွေကြဖို့ ပြင်ဆင်နေကြပါတယ်။

Ref: Teen Finds Whale Skull from 34 Million Years Ago While Fossil Hunting in Alabama

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top