စွန့်ပစ်လော်ရီကားထဲကနေ ရုပ်အလောင်း ၄၆ လောင်း တွေ့ရှိ၊ လူ ၁၆ ယောက်ကို ကယ်တင်နိုင်ခဲ့

28-6-2022-yyl04.jpg

အမေရိကန်-မက္ကဆီကိုနယ်စပ်ကနေ မိုင် ၁၅၀ ကွာဝေးတဲ့ ဆန်အန်တိုနီယိုမြို့ဟာ လူကုန်ကူးသူတွေ အသုံးပြုလေ့ရှိတဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး ကားထဲမှာ ပိတ်မိနေသူတွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေ ဖြစ်ဖွယ် ရှိပါတယ်။ အသက်ရှင်လျက် တွေ့ရသူတွေဟာ အပူချိန်မြင့်မားတဲ့ဒဏ် ခံစားခဲ့ရပြီး ကိုယ်အပူချိန် မြင့်တက်ကာ ပင်ပန်းနွမ်းနယ်နေကြတယ်လို့ ဆိုပါတယ်။

” မိသားစုလိုက် ပါလာကြတာပါ။ ပိုကောင်းတဲ့ဘဝ တည်ဆောက်ဖို့ ကြိုးစားခဲ့ကြပုံပဲ။ ဒါဟာ ထိတ်လန့်၊ ဝမ်းနည်းဖွယ်ကောင်းတဲ့ ဖြစ်ရပ်ပါပဲ”လို့ ဆန်အန်တိုနီယိုမြို့တော်ဝန် နီရန်ဘတ်က ပြောပါတယ်။ ရုပ်အလောင်းတစ်လောင်း တွေ့ရတယ်ဆိုတဲ့ သတင်းပေးမှုကြောင့် အရေးပေါ်တုံ့ပြန်လှုပ်ရှားရေးအဖွဲ့တွေက လော်ရီကားရှိရာကို ရောက်လာခဲ့ကြတာပါ။ ယာဉ်မောင်းက စွန့်ပစ်ထားခဲ့တဲ့ အဲဒီလော်ရီကားမှာ လေအေးပေးစက်မရှိသလို သောက်ရေလည်း မရှိပါဘူး။ နွေရာသီဆို ပူပြင်းလေ့ရှိတဲ့ ဆန်အန်တိုနီယိုမြို့ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အပူချိန် ၃၉.၄ ဒီဂရီဆဲလ်စီးယက် ရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်အတွက် လူသုံးဦးကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုလုပ်ဖို့ ပြည်ထောင်စုအေးဂျင့်တွေထံ လွှဲပြောင်းပေးထားပါတယ်။ ရီပတ်ဗလစ်ကန်ပါတီဝင် တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ကတော့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ နယ်စပ်ဖွင့်ထားရေးမူဝါဒကြောင့် အခုလို သေဆုံးမှုတွေ ဖြစ်ရတာလို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ဂရက်အက်ဘော့နဲ့ ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ဘေတိုအိုရို့ကတော့ လူကုန်ကူးဂိုဏ်းတွေကို ဖြိုခွဲဖို့၊ တရားဝင် ရွှေ့ပြောင်းနေထိုင်မှုနည်းလမ်းတွေ တိုးချဲ့ဖွင့်လှစ်ပေးဖို့ အရေးပေါ် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူအရေးဟာ အမေရိကန်နိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ နိုင်ငံရေးပြဿနာတစ်ရပ်ဖြစ်ပြီး ပြီးခဲ့တဲ့မေလမှာ မက္ကဆီကိုနိုင်ငံကနေ ဝင်ရောက်လာတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို စံချိန်တင်ပမာဏ ထိန်းသိမ်းခဲ့ရပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ အမျာအးပြားဟာ ဘေးကင်းလုံခြုံမှုမရှိတဲ့ လမ်းကြောင်းတွေကနေ ဝင်ရောက်လာခဲ့ကြတာပါ။

Ref: Texas migrant deaths: At least 46 found dead in abandoned lorry

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top