နာရေးအစီအစဉ်ကို ရေးဆွဲခိုင်းတဲ့ အိမ်စာကြောင့် ကျောင်းသားမိဘတွေ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ

22-6-2020-yyl-003.jpg

Lockdown ကာလအတွင်းမှာ ကလေးတွေကို သူတို့ရဲ့ကျောင်းကနေ ကြက်သီးထစရာအိမ်စာတွေ ပေးခံခဲ့ကြရပါတယ်။ အဲဒီလိုကျောင်းစာတွေပေးခံရတာက (၁၃) နှစ်အရွယ် ကျောင်းသား/သူတွေပါပဲ။ အဲဒီအိမ်စာကတော့ သူတို့ရဲ့နာရေးအတွက် လုပ်ဆောင်ချက် အစီအစဉ်တွေ ဆွဲခိုင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအိမ်စာကြောင့်ပဲ ကျောင်းသားမိဘတွေက လက်စစ်စတာမြို့က ကျောင်းတစ်ကျောင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

ကျောင်းသား/သူတွေကို သူတို့ရဲ့နာရေးအတွက် သူတို့ကြိုက်နှစ်သက်တဲ့ဓမ္မတေးနဲ့ အခေါင်းပုံစံတွေကို ရွေးချယ်ရေးခိုင်းပါတယ်။ သူတို့ရဲ့နာရေးအတွက် သင့်တော်မယ့် ပန်းအမျိုးအစားတွေကိုတောင် ရွေးချယ်ရတဲ့အပြင် ဧည့်သည်စာရင်းကိုလည်း ရေးဆွဲရပါတယ်။ မြှုပ်ချင်လား၊ မီးသင်္ဂြိုဟ်ချင်လား ဆိုတဲ့မေးခွန်းလည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့ကို မြှုပ်စေချင်တဲ့နေရာ၊ ပြာမှုန့်ကြဲစေချင်တဲ့ နေရာတွေကိုလည်း ရေးခိုင်းပါတယ်။ “Plan Your Funeral Activity”ဆိုတဲ့ခေါင်းစဉ်နဲ့ အိမ်စာစာရွက်မှာ “နာရေးမှာ ဘယ်သူ့ကို ရှိစေချင်လဲ”၊ “နာရေးလာတဲ့သူတွေကို အဝတ်အစား ဘယ်ရောင်ဝတ်စေချင်လဲ”၊ “ဘယ်နေရာမှာ မြှုပ်စေချင်လဲ၊ ဘယ်နေရာမှာ ပြာမှုန့်ကြဲစေချင်လဲ”ဆိုတဲ့မေးခွန်းတွေပါပဲ။

ကျောင်းသားမိဘတစ်ဦးက အဲဒီအိမ်စာစာရွက်ကို လူမှုကွန်ယက်အကောင့်မှာ တင်ရင်းနဲ့ “သူတို့ရဲ့နာရေးကို စီစဉ်ခိုင်းတာ အရမ်းများလွန်းနေပြီလို့ မထင်ဘူးလား”လို့ ဝေဖန်ရေးသားခဲ့ပါတယ်။ အဲဒီအိမ်စာနဲ့ပတ်သက်ပြီး တစ်ယောက်ကတော့ “ကလေးတွေက သေခြင်းတရားကို နားလည်ဖို့လိုလာပါပြီ။ ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး မိဘတွေနဲ့ အရင်ဆုံးဆွေးနွေးရမှာပါ။ ဒါက သင်ခန်းစာအနေနဲ့ သင်ကြားစေမှာလားဆိုတာကို”လို့ သဘောတူတဲ့ဘက်ကနေ ရေးသားထားပါတယ်။ “တချို့ကလေးတွေက သေရတော့မယ်ဆိုတဲ့အတွေးနဲ့ ကြောက်ရွံ့မိကြပြီး အကြောက်တရားဝင်စေနိုင်ပါတယ်”၊ “ဒါက မှားယွင်းတယ်”၊ “ကပ်ရောဂါအတွင်းမှာ လူထောင်ချီသေဆုံးနေကြတဲ့အချိန်မှာ ဒါက မဖြစ်သင့်ပါဘူး”ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းက တောင်းပန်ခဲ့ပြီး အိမ်စာပေးတုန်းက အမှားအယွင်းဖြစ်သွားတာပါလို့ ပြောခဲ့ပါတယ်။ အခုနှစ်အစောပိုင်းတုန်းကလည်း အမေရိကန်ကျောင်းတစ်ကျောင်းက ဇီဝဗေဒဆိုင်ရာအိမ်စာအတွက် မုဒိမ်းမှုနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကို ပေးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။

Ref: Parents slam school after children were told their homework was to plan their own funeral

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top