တော်ဝင်မိသားစုကို ဝေဖန်ခဲ့တဲ့ ထိုင်းအမျိုးသမီး ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခံရ

20-1-2021-yyl-18.jpg

ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကို ဝေဖန်ပုတ်ခတ်ခဲ့တယ်ဆိုပြီး အမျိုးသမီးတစ်ယောက်ကို ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကို ဝေဖန်ပုတ်ခတ်မှုတွေအနက် အကြီးလေးဆုံးပြစ်ဒဏ် ဖြစ်ပါတယ်။

အန်ချန်းလို့ အမည်ရတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးဟာ ပြည်သူ့ဝန်ထမ်းဟောင်းတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း တော်ဝင်မိသားစုကို ဝေဖန်တဲ့ podcast အသံဖိုင်တွေကို YouTube နဲ့ ဖေ့ဘွတ်ခ်ပေါ် တင်တာ၊ မျှဝေတာတွေ လုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ အသံဖိုင်တွေကို မျှဝေတာသာ ဖြစ်ပြီး ကိုယ်တိုင်ဝေဖန်ခဲ့ခြင်းမရှိဘူးလို့ အန်ချန်းက ပြောပါတယ်။

ဒါပေမဲ့ တံခါးပိတ် ရုံးတင်စစ်ဆေးမှုမှာ အန်ချန်းက ဥပဒေချိုးဖောက်မှု ၂၉ ခုအတွက် အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး သူ့ကို ထောင်ဒဏ် ၈၇ နှစ် ချမှတ်ခဲ့တာပါ။ အန်ချန်းက အပြစ်ရှိတယ်လို့ ဝန်ခံလိုက်တော့မှ ပြစ်ဒဏ်တစ်ဝက် လျှော့ချပေးပြီး ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

podcast တွေကို ရေးသားခဲ့သူကတော့ ထောင်ဒဏ် ၂ နှစ်ပဲ ချမှတ်ခံခဲ့ရပြီး ချုပ်ရက်စေ့လို့ ပြန်လွှတ်သွားပါပြီ။ အန်ချန်းဟာ ၂၀၁၄ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်ဝင်မိသားစုကို ဝေဖန်ပုတ်ခတ်ခဲ့လို့ ဖမ်းဆီးခံရသူ ၁၄ ယောက်အနက် တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

တော်ဝင်မိသားစုကို ဝေဖန်ပုတ်ခတ်ခြင်း မလုပ်ဖို့ တားမြစ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ဥပဒေဟာ ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံးဥပဒေတစ်ရပ်ဖြစ်ပါတယ်။ အငြင်းပွားစရာကောင်းတဲ့ အဲဒီဥပဒေကျင့်သုံးမှုကို သုံးနှစ်ကြာ ရပ်ဆိုင်းခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ လနဲ့ချီ ကြာမြင့်တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို တားဆီးဖို့ ပြန်လည်ကျင့်သုံးခဲ့တာပါ။ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဘုရင်စနစ်ကို အပြောင်းအလဲလုပ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

Ref: BBC ” Thai woman jailed for record 43 years for criticising monarchy “
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top