မြန်မာအပါအဝင် ACMECS အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဖြူးပေးဖို့ ၂၀၂၁ ခုနှစ်မှာ ထိုင်းနိုင်ငံ အသင့်ဖြစ်မယ်လို့ ဆို

10-12-2020-yyl-010.jpg

မြန်မာနိုင်ငံအပါအဝင် ACMECS အဖွဲ့ဝင်နိုင်ငံတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထုတ်လုပ်ဖြန့်ဖြူးပေးဖို့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ ထိုင်းနိုင်ငံ အသင့်ဖြစ်လိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့တဲ့ ACMECS အဖွဲ့ဝင်နိုင်ငံများ ၉ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (အွန်လိုင်းဆွေးနွေးပွဲ)မှာ ထိုင်းဝန်ကြီးချုပ်က အခုလို ကြေညာခဲ့တာပါ။

” မဲခေါင်မြစ်ဝှမ်းဒေသမှာ နေထိုင်သူတွေအားလုံး သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ တန်းတူညီမျှ ဝယ်ယူရရှိနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ဆေးဝါးတွေကို အများပြည်သူနဲ့သက်ဆိုင်တဲ့ ကုန်စည်တွေအဖြစ် ထိုင်းနိုင်ငံက သတ်မှတ်သွားမှာပါ” လို့ ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ထိုင်းနိုင်ငံဟာ ဗြိတိန်ဆေးဝါးကုမ္ပဏီ (AstraZeneca)ထံကနေ ကိုဗစ်-၁၉ ကာကွယ်ဆေး အဖုံ ၂၆ သန်း မှာယူထားပြီး ၂၀၂၁ ခုနှစ် နှစ်လယ်မှာ ကာကွယ်ဆေးထုတ်လုပ်ခွင့်လိုင်စင်ရဖို့ မျှော်လင့်ထားတယ်လို့ ပရာယွတ်ချန်အိုချာက ပြောပါတယ်။

ကပ်ဘေးအလွန်ကာလမှာ စီးပွားရေး ပြန်လည်ဦးမော့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ စီးပွားရေးအခွင့်အလမ်းတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် မဲခေါင်ဒေသခွဲကို ဘေးကင်းလုံခြုံတဲ့ဒေသတစ်ခုအဖြစ် လူသိများလာအောင် ထိုင်းနိုင်ငံက ကူညီပေးသွားမယ်လို့ ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက ဦးဆောင်ကျင်းပခဲ့တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မဲခေါင်ဒေသခွဲက ပြည်သူတွေရဲ့ ဝင်ငွေထိခိုက်မှုကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေ ပါဝင်တဲ့ ACMECS ( Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy) အဖွဲ့ဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တစ်ခုဖြစ်ပါတယ်။

ထိုင်းအစိုးရဝန်ကြီးအဖွဲ့ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအတွက် ဘတ်ငွေ ၆ ဘီလျံ ပေးအပ်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ကာကွယ်ဆေးဖော်စပ်ဖို့ အမျိုးသားကာကွယ်ဆေးဆိုင်ရာ သိပ္ပံဌာနကို ဘတ်ငွေ ၂.၃၇၉ ဘီလျံ၊ ကာကွယ်ဆေးဝယ်ယူရေးနဲ့ စီမံခန့်ခွဲဖို့ ရောဂါထိန်းချုပ်ရေးဌာနအတွက် ဘတ်ငွေ ၃.၅၉ ဘီလျံ ပေးအပ်သွားမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca ( အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ပူးပေါင်းပြီး ကာကွယ်ဆေးဖော်စပ်နိုင်ခဲ့တဲ့ ကုမ္ပဏီ)နဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးထားလို့ ကာကွယ်ဆေးဝယ်ယူနိုင်မှာဖြစ်သလို Siam Bioscience ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ထိုင်းနိုင်ငံမှာ ကာကွယ်ဆေးထုတ်လုပ်ဖို့လည်း သဘောတူညီထားပါတယ်။

Ref: BankokPost “Thailand gives virus vaccine pledge to Acmecs members”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top