အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံက ၂ နှစ်ကြာ အလုပ်လုပ်ခွင့် ပေးအပ်မယ်

30-12-2020-yyl15.jpg

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီး၊ ကာကွယ်ဖို့အတွက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေရဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ၂ နှစ်နီးပါး တရားဝင် အလုပ်လုပ်ခွင့်ပေးမယ်လို့ ထိုင်းနိုင်ငံက ပြောပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေက အွန်လိုင်းကနေ ဖောင်ဖြည့်ရမှာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ အလုပ်လုပ်ခွင့်ရရှိဖို့အတွက် အလုပ်ရှင်က မှတ်ပုံတင်စာရင်းသွင်းပေးရမယ်လို့ ထိုင်းအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေက အရင်ဆုံးအနေနဲ့ ဘတ်ငွေ ၇၂၀၀ ( အမေရိကန်ဒေါ်လာ ၂၄၀ ) လောက် ကုန်ကျမယ့် ကျန်းမာရေးစစ်ဆေးမှုလုပ်ရလိမ့်မယ်လို့ ထိုင်းအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်နောက်ပိုင်း ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၀၀ ကျော် တွေ့ရှိခဲ့တဲ့ အဆိုးရွားဆုံး ကိုဗစ်ကူးစက်မှု ကြုံတွေ့ခဲ့ပြီးနောက်မှာ အခုလို ကြေညာခဲ့တာပါ။


” ကူးစက်နိုင်ခြေများတဲ့ဒေသတွေက ရွှေ့ပြောင်းလုပ်သားတွေကို အစိုးရက စစ်ဆေးမှုတွေလုပ်တယ်။ အဲဒီတော့ အလုပ်ရှင်တချို့က ဥပဒေချိုးဖောက်မှုကို ရှောင်လွှဲဖို့ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို နေရာရွှေ့ပြောင်းကြတယ်။ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကလည်း အထိတ်တလန့်ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားနိုင်ခြေများတဲ့ ဒေသတွေကနေ တခြားနေရာကို ရွှေ့ပြောင်းကြတယ်” လို့ ထိုင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်ဆာရာဆာကူလ်က ပြောပါတယ်။

လာမယ့်ဖေဖော်ဝါရီလလယ်မှာ မှတ်ပုံတင်စာရင်းပေးသွင်းတဲ့ကာလ ကုန်ဆုံးသွားရင်တော့ ထိုင်းအာဏာပိုင်တွေက အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စစ်ဆေးတာ၊ ဖမ်းဆီး၊ စွဲချက်တင်တာတွေ လုပ်လိမ့်မယ်လို့ ထိုင်းအစိုးရဝန်ကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ၂.၂ သန်းနီးပါး စာရင်းရှိနေပြီး အများစုကတော့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံက လုပ်သားတွေဖြစ်ပါတယ်။ ဒါပေမဲ့ ငါးဖမ်းလုပ်ငန်းကနေ မွေးမြူရေးလုပ်ငန်းအထိ လုပ်ငန်းအသီးသီးမှာ ကျပန်းအလုပ်လုပ်နေသူတွေလည်း ရှိနေသေးတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ထိုင်းအစိုးရရဲ့ စည်းမျဉ်းသစ်အရ ရွှေ့ပြောင်းလုပ်သား ၆၀၀၀၀၀ ကနေ ၈၀၀၀၀၀ ကြားကို မှတ်ပုံတင်စာရင်းသွင်းပေးလိမ့်မယ်လို့ Migrant Working Group (MWG) အဖွဲ့က ခန့်မှန်းထားပါတယ်။

Ref: Bloomberg ” Coronavirus: Thailand offers work permits to undocumented migrants to curb outbreak “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top