အငှားယာဉ်မောင်းဘဝမှ မေ့မရနိုင်စရာဖြစ်ရပ်တစ်ခု

30-5-2022-yyl-20.jpg

လွန်ခဲ့တဲ့ နှစ် ၂၀ က စားဝတ်နေရေးအရ အငှားကားမောင်းရတုန်းကပေါ့။ တစ်ခါသားမှာ ညဉ့်သန်းခေါင်အချိန်ကြီး အော်ဒါရလို့ ခရီးသည် သွားကြိုရတယ်။ အောက်ထပ်ပြတင်းပေါက်မှာ မှိန်ပျပျ မီးတစ်ပွင့်ဖွင့်ထားတာကလွဲပြီး တစ်တိုက်လုံး အမှောင်ကျလို့။ ဒီလိုမျိုးဆိုရင် ကားသမား တော်တော်များများက ဟွန်းတီးပြီး တစ်မိနစ်လောက် စောင့်ကြည့်၊ ပြီးရင် မောင်းထွက်သွားကြမှာပါ။ ဒါပေမဲ့ အငှားကားကိုပဲ အားကိုးတကြီးစီးနေရသူတွေကို တွေ့ဖူးထားတော့ ကျွန်တော် ဒီလိုမလုပ်ရက်ဘူး။

အန္တရာယ်အငွေ့အသက်မရှိတဲ့ အခြေအနေမျိုးဆိုရင် ကျွန်တော် အမြဲ တံခါးသွားခေါက်ပေးလေ့ရှိတယ်။ ဒီခရီးသည်က ငါ့အကူအညီ လိုအပ်နေတာများလားလို့ တွေးပြီးပေါ့။ အခုလည်း အဲဒီလိုတွေးပြီး ကျွန်တော် တံခါးသွားခေါက်လိုက်တော့ ” တစ်မိနစ်လောက် စောင့်ပါကွယ်”ဆိုတဲ့ အသံတိုးတိုးလေး ထွက်လာတယ်။ ပြီးတော့ အတွင်းဘက်မှာ ကြမ်းပြင်ပေါ် တစ်ခုခု ဆွဲလာတဲ့အသံမျိုး ကြားရတယ်။ တော်တော်ကြာတော့မှ တံခါးပွင့်လာပြီး အသက် ၈၀ အရွယ် အဘွားအိုတစ်ယောက် ထွက်လာတယ်။ လူကောင်ညှက်ညှက်၊ အပွင့်ရိုက်ဝတ်စုံနဲ့ ရှေးမင်းသမီးတွေ ဆောင်းတဲ့ ဦးထုပ်မျိုး ဆောင်းထားတယ်။ သူ့ဘေးမှာတော့ နိုင်လွန်လက်ဆွဲအိတ်တစ်လုံး။

အဆောက်အအုံထဲ ကြည့်ရတာတော့ နှစ်ရှည်လများ လူမနေခဲ့ပုံပဲ။ ပရိဘောဂတွေအားလုံးကိုလည်း ဖုံးထားတယ်။ နံရံပေါ်မှာ နာရီမရှိ၊ တိုလီမိုလီပစ္စည်းတစ်ခုမျှ မရှိ။ အခန်းထောင့်မှာတော့ ဓာတ်ပုံတွေ၊ ဖန်ထည်ပစ္စည်းတွေ ထည့်ထားတဲ့ဗီရိုတစ်လုံး။” ကားပေါ်ကို အိတ်လေးသယ်သွားပေးပါလားကွယ်”လို့ အဘွားအိုက ပြောတယ်။ အိတ်ကို ကားပေါ်ပို့ပြီး ပြန်ရောက်လာတော့ သူက ကျွန်တော့်လက်ကိုတွဲပြီး ကားဆီကို ဖြည်းဖြည်းချင်း လျှောက်လာတယ်။ ပြီးတော့ ကျေးဇူးတင်စကားဆိုတယ်။

” ကိစ္စမရှိပါဘူး အဘွား။ ခရီးသည်အားလုံးကို ကျွန်တော့်အမေလို သဘောထားပြီး ဆက်ဆံစမြဲပါပဲ” လို့ ပြောလိုက်တော့ ” မင်းက လူကောင်းလေးပဲ”တဲ့။ ကားပေါ်ရောက်တော့ ကျွန်တော့်ကို လိပ်စာကတ်တစ်ခုပေးတယ်။ ပြီးတော့ မြို့ထဲကနေ ဖြတ်သွားပေးလို့ ရမလားလို့ မေးတယ်။ ” မြို့ထဲက ဖြတ်သွားရင် ကြာမှာနော် ”ဆိုတော့ ” ကိစ္စမရှိပါဘူးကွယ်၊ အဘွားက အလျင်မလိုပါဘူး။ လူအိုရုံကို သွားရမှာလေ” တဲ့။ နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့ (မျက်ရည်ကြောင့်) အဘွားရဲ့မျက်လုံးက အရောင်လက်နေတယ်။

” အဘွားမှာ မိသားစုတစ်ယောက်မျှ မရှိတော့ဘူးလေ။ သိပ်လည်း နေရတော့မှာ မဟုတ်ဘူးလို့ ဆရာဝန်က ပြောတယ်” လို့ ခပ်တိုးတိုးပြောတယ်။ အဲဒါနဲ့ ကျွန်တော်လည်း မီတာခွက်ကို မသိမသာ ပိတ်လိုက်ပြီး ” အဘွား သွားချင်တဲ့လမ်းကို ပြောနော်”လို့ ပြောလိုက်တာပေါ့။

ကျွန်တော်တို့ ကားပတ်မောင်းတာ ၂ နာရီကျော် ကြာပါတယ်။ တစ်ချိန်တုန်းက သူ အလုပ်လုပ်ခဲ့တဲ့နေရာ၊ သူနဲ့ သူ့ခင်ပွန်း အိမ်ထောင်ကျခါစတုန်းက နေခဲ့တဲ့နေရာတွေကို ပြတယ်။ ပြီးတော့ ကျွန်တော့်ကို ဂိုဒေါင်တစ်လုံးဆီ ခေါ်သွားတယ်။ ငယ်ငယ်တုန်းက ဒီနေရာမှာ ခန်းမဆောင်တစ်ခုရှိခဲ့ဖူးပြီး သူ ကခဲ့ဖူးတယ်လို့ ပြောတယ်။ ကားမောင်းနေရင်း တချို့နေရာတွေရောက်ရင် ကားကို နှေးခိုင်းတယ်။ နောက်တော့ အမှောင်ထဲကို ငေးစိုက်နေရင်း ဘာစကားမှ မပြောတော့ဘူး။

အရှေ့ဆီမှာ ရောင်နီသန်းလာတော့ ” အဘွားလည်း ပင်ပန်းပြီကွယ်။ (လူအိုရုံကို) သွားကြရအောင်” တဲ့။ သူပေးတဲ့ လိပ်စာအတိုင်း မောင်းလာတဲ့လမ်းမှာလည်း ကျွန်တော်တို့ ဘာစကားမှ မပြောဖြစ်ကြဘူး။ လူအိုရုံက ခပ်နိမ့်နိမ့် အဆောက်အအုံငယ်တစ်ခုပါပဲ။ စင်ဝင်အောက်ကို ကျွန်တော်တို့ကား ဆိုက်ဆိုက်ချင်းပဲ ဧည့်ကြိုနှစ်ယောက် ထွက်လာတယ်။ သူတို့က တစ်ခုခုကို ပူပန်နေပုံမျိုးနဲ့ အဘွားအိုကို ခြေဆုံးခေါင်းဆုံး ကြည့်နေတယ်။ သူတို့တွေ အဘွားအိုကို စောင့်နေကြတာ ဖြစ်မယ်။ နောက်ဖုံးဖွင့်ပြီး လက်ဆွဲအိတ်ကို ယူသွားပေးတဲ့ အဘွားအိုက ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေပါပြီ။

သူက ပိုက်ဆံအိတ်ဆီ လက်လှမ်းလိုက်ရင်း ” လူလေးကို ဘယ်လောက်ပေးရမလဲကွဲ့” လို့ မေးတယ်။ ” ပေးစရာမလိုပါဘူး” ဆိုတော့ ” မင်းမှာလည်း စားဝတ်နေရေး ရှိသေးတယ်လေ”တဲ့။ ဒါပေမဲ့ တခြားခရီးသည်တွေ ရှိပါတယ်လို့ ကျွန်တော် ပြောလိုက်ပါတယ်။ ပြီးတော့ တဒင်္ဂအတွင်းမှာပဲ ကျွန်တော် ခါးညွှတ်ပြီး အဘွားကို ပွေ့ဖက်မိတယ်။

သူလည်း ကျွန်တော့်ကို တင်းတင်းပွေ့ဖက်ထားတယ်။ ” လူလေးက အမယ်အိုကြီးကို ပျော်စရာအခိုက်အတန့်တွေ ဖန်တီးပေးခဲ့တာပဲကွယ်။ ကျေးဇူးတင်ပါတယ်”လို့ ပြောတယ်။ ကျွန်တော်လည်း အဘွားလက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း နံနက်ခင်း မှိန်ဖျဖျ အလင်းရောင်အောက်မှာပဲ လှည့်ထွက်လာခဲ့ပါတော့တယ်။ ကျွန်တော့်နောက်မှာ တံခါးပိတ်သံတစ်ချက် ကြားလိုက်တယ်။ တကယ်တော့ ဒါက ဘဝတစ်ခု နိဂုံးချုပ်သွားတဲ့အသံပါပဲ။

အဲဒီနေ့က ကျွန်တော် ခရီးသည် ထပ်မတင်ဖြစ်တော့ဘူး။ အတွေးထဲမှာ စီးမျောပြီး စိတ်ကူးတည့်ရာ လျှောက်မောင်းနေမိတယ်။ အဲဒီနေ့က စကားလည်း သိပ်မပြောဖြစ်ဘူး။ တကယ်လို့ အဘွားအိုက ဒေါသကြီးတဲ့ ကားသမားနဲ့သာ ဆုံခဲ့ရင်၊ ဒါမှမဟုတ် ကားသိမ်းဖို့ စိတ်လောနေတဲ့ ကားသမားမျိုးနဲ့ ဆုံခဲ့ရင်၊ ကျွန်တော်သာ ဟွန်းတစ်ချက်လောက် တီး၊ တစ်မိနစ်လောက် စောင့်ပြီး စိတ်မရှည်ဘဲ ထွက်လာခဲ့ရင် ဘာများဖြစ်မလဲဆိုတာ တွေးနေမိတယ်။ တစ်ဆက်တည်း တွေးမိတာကတော့ ကျွန်တော့်ဘဝတစ်လျှောက် လုပ်ခဲ့သမျှ ကိစ္စတွေထဲမှာ ဒီထက် ပိုအရေးကြီးတာ မရှိခဲ့ဘူးလို့ပါပဲ။

ကျွန်တော်တို့တွေက ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်တွေကို မျှော်လင့်နေကြလေ့ရှိပေမဲ့ ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်တွေဟာ အသေးအဖွဲပုံစံမျိုးနဲ့ ရောက်လာတတ်လို့ ကျွန်တော်တို့ သတိမမူမိလိုက်တာမျိုးလည်း ရှိနေပြန်ပါတယ်။

PS:
အမေရိကန်စာရေးဆရာ ကန့်နာဘန်း (Kent Nerburn) ရေးသားသော The Cab Ride I’ll Never Forget (ဖြစ်ရပ်မှန်ဇာတ်လမ်း)ကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top