ဩစီပွဲတစ်ပွဲက ရရှိတဲ့ ပွဲတက်ခတွေကို ကျောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့သူတွေအတွက် လှူဒါန်းခဲ့တဲ့ မက်သရူး မက်ကွန်နော့ဂ်ဟေး

30-5-2022-yyl-18.jpg

မင်းသား မက်သရူး မက်ကွန်နော့ဂ်ဟေးက ရော့ဘ်မူလတန်းကျောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့သူတွေအတွက် လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ယူဗယ်ဒီမြို့ဇာတိဖြစ်တဲ့ မင်းသား မက်သရူးဟာ ဩစတြေးလျနိုင်ငံက the Australasian Real Estate Conference (AREC) ပွဲကနေ ရရှိတဲ့ ပွဲတက်ခတွေကို ကျောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့ရတဲ့သူတွေရဲ့ကျန်ရစ်သူမိသားစုတွေအတွက် လှူဒါန်းလိုက်ပါတယ်။

မက်သရူးရဲ့ပွဲတက်ခတွေက ဒီအဖြစ်ဆိုးကြီးကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ကျန်ရစ်သူမိသားစုဝင်တွေဆီ တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်တယ်လို့ AREC ရဲ့ထိပ်တန်းပုဂ္ဂိုလ် တွမ် ပါနို့စ်ကလည်း အတည်ပြုပေးခဲ့ပါတယ်။ ကျောင်းပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် မကြာခင်မှာပဲ မင်းသားမက်သရူးက သေဆုံးခဲ့ရသူတွေနဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်းစာကို အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ပို့စ်မှာ မက်သရူးက သေနတ်ကိုင်ဆောင်ခြင်းဉပဒေကို ပြောင်းလဲဖို့ တောင်းဆိုရင်း ဒီကြေကွဲဖွယ်ဖြစ်ရပ်ကို ဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေအဖြစ် လက်မခံလိုက်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

“ဒီနေ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတစ်ခု ထပ်ဖြစ်တယ်ဆိုတာ အားလုံးသိကြသလိုပဲ ဒီတစ်ကြိမ်ကတော့ ကျွန်တော်ရဲ့မွေးရပ်မြေ တက္ကဆပ်ပြည်နယ်၊ ယူဗယ်ဒီမြို့မှာပါ။ ကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်တွေ ပေးထားတဲ့ အခွင့်အရေးတွေအတွက် စိတ်ချယုံကြည်ရမှုတွေ လျော့ရဲလာတယ်ဆိုတာကို နောက်တစ်ကြိမ် သက်သေပြလိုက်ပြန်ပါပြီ။ စစ်မှန်တဲ့ အရေးယူဆောင်ရွက်မှုတွေက အခုအမေရိကန်နိုင်ငံသားတိုင်းအတွက်ပါ။

“ကျွန်တော်တို့ အမှန်တကယ် တန်ဖိုးထားတာက ဘာလဲ”၊ “ကျွန်တော်တို့ ပြဿနာတွေကို ဘယ်လိုပြန်ဖြစ်လာစေတာလဲ”၊ “ဘေးကင်းလုံခြုံတဲ့နိုင်ငံ၊ ပြည်နယ်နဲ့ ရပ်ကွက်တွေ ဖြစ်ဖို့ ကျွန်တော်တို့ တစ်ဉီးချင်းလုပ်ပေးနိုင်တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက ဘာလဲ”လို့ အချိန်ယူပြီး မှန်ထဲကြည့်ကာ နက်နက်နဲနဲ ကိုယ့်ကိုယ်ကိုမေးကြည့်ပါ”လို့ မက်သရူးက ပြောပါတယ်။ သား/သမီးဆုံးရှုံးလိုက်ရတဲ့မိဘတွေအတွက် ပြောစရာစကားလုံးတောင်မရှိတော့ကြောင်းနဲ့ ဒီဖြစ်ရပ်ဆိုးအတွက် ချက်ခြင်း အရေးတယူလုပ်ဆောင်ဖို့လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မေလ ၂၇ ရက်နေ့ကလည်း မက်သရူးက ယူဗယ်ဒီမြို့ကို လာရောက်ပြီး တက္ကဆပ်ပြည်နယ်၊ ၂၃ ခရိုင်ရဲ့ ရီပတ်ဗလစ်ကန်ကိုယ်စားလှယ် တွန်နီ ဂွန်ဇလက်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့လူ့အသိုင်းအဝိုင်း ပြန်လည်ကောင်းမွန်လာစေဖို့ ကူညီပေးတဲ့ မက်သရူးကို ကျေးဇူးတင်ပါတယ်။ မင်းရဲ့လာရောက်လည်ပတ်မှုဟာ ယူဗယ်ဒီမြို့က လူတွေရဲ့မျက်နှာမှာ အပြုံးတွေမြင်တွေ့ရစေခဲ့ပါတယ်။ မကြာခင်တွေ့မယ် ငါ့သူငယ်ချင်း”လို့ တွန်နီ ဂွန်ဇလက်စ်က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

Ref: Ladbible “Matthew McConaughey Donates Attendance Fee At Aussie Event To Texas School Shooting Victims”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top