Stay at Home ရဲ့ ထိရောက်မှုက အနည်းဆုံး ၂ ပတ်ကြာမှ သိသာထင်ရှားတဲ့အကျိုးရလဒ် ပေါ်ပေါက်လာမယ်လို့ဆို

22-9-2020-yyl-010.jpg

ရန်ကုန် စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းအတွက် ထုတ်ပြန်ထားတဲ့ နေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဥ◌်ရဲ့ ထိရောက်မှု ဟာ အနည်းဆုံး ၂ ပတ်အကြာမှသာ သိသာထင်ရှားတဲ့ အကျိုးရလဒ်ပေါ်ပေါက်လာမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အသိပေးပြောကြားလိုက်ပါတယ်။

အခုလတ်တလောမှာတော့ လူနာတွေသေဆုံးမှုနည်းပါးစေဖို့အတွက် ဆရာဝန်ကြီးတွေ၊ သူနာပြုတွေ၊ နှီးနွှယ် ဘာသာရပ်အမျိုးမျိုးမှ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ ဆေးရုံအုပ်ကြီးတွေက ဆေးရုံတွေမှာရှိတဲ့ လူနာတွေကို နေ့မအား၊ ညမနားပဲ အစွမ်းကုန်ကုသပေးနေတယ်လို့ ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

ရန်ကုန်တိုင်းမှာ ရောဂါပြန့်ပွားမှုမကျသေးတာနဲ့ပတ်သက်ပြီး ”စပြီးတော့ပြန့်ပွားတဲ့ အချိန်ကနေ တွက်လိုက် တယ်ဆိုရင် အခုအချိန်မှာ ကျသွားဖို့ဆိုတာ လက်တွေ့ကျကျမရှိဘူး”လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။

အခုလိုအချိန်မှာ အထိရောက်ဆုံးနဲ့ ငွေကုန်ကြေးကျမရှိဆုံး နည်းဗျူဟာကတော့ မိမိအိမ်မှာသာနေထိုင်ပြီး မဖြစ်မနေကိစ္စရပ်တွေအတွက် ပြင်ပကို ထွက်ရတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ဆင်တာပဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အကြံပြုထားပါတယ်။
COVID-19 ရောဂါ ထပ်မံပျံ့နှံ့ကူးစက်မှု အနည်းဆုံးဖြစ်စေဖို့အတွက် လုပ်သင့်လုပ်ထိုက်တာတွေအားလုံးကို ဆောင်ရွက်နေတဲ့အပြင် ကပ်ရောဂါဗေဒသဘောသဘာဝအရ ပြောင်းလဲနေတဲ့ဖြစ်စဥ◌်ပေါ်မူတည်ပြီး နည်းဗျူဟာ တွေကို လိုအပ်ရင် လိုအပ်သလို ပြောင်းလဲကျင့်သုံးနေတယ်လို့လည်း ၎င်းက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အားလုံး(ကိုကိုကျွန်းမပါ)ကို စက်တင်ဘာ ၂၀ ရက်ကနေစတင်ပြီး နေအိမ်တွင်နေအထိုင်ရေး(Stay at Home)အစီအစဥ◌်ကို ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် COVID-19 ရောဂါ အတည်ပြု လူနာဦးရေကတော့ ဆက်လက်မြင့်တက်နေဆဲပဲ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၂ ရက်၊ နံနက် ၈ နာရီ ထုတ်ပြန်ကြေညာချက်အရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၄၇၁ ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ ၁၄၄၅ ဦး၊ သေဆုံးလူနာ ၁၀၀ ဦးအထိ ရှိနေပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top