ရွေးကောက်ပွဲကော်မရှင်ဆိုတာ

1-10-2020-yyl-024.jpg

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ (၈) ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် https://www.facebook.com/uecmyanmar/ က ဦးစီးကျင်းပသွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မဲပေးနိုင်တဲ့ လူဦးရေ (၃၇) သန်း ကျော်ရှိနေပါတယ်။

(၅) နှစ် တစ်ကြိမ်သာ ကြုံတွေ့ရတဲ့ မဲပေးခွင့်ရမယ့် အခွင့်အရေးကို မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ လက်မလွှတ်သင့်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့်နာမည် မဲစာရင်းမှာပါ၊ မပါ ဆိုတာကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုတွေမှာ ကြေညာကပ်ထားမှာဖြစ်တဲ့အတွက် အောက်တိုဘာ (၁) ရက် မှ (၁၄) ရက်နေ့အထိ (၁၄) ရက်ကြာ ထပ်မံစစ်ဆေးနိုင်ပါပြီ။

တကယ်လို့များ မိမိနာမည်က မဲစာရင်းမှာ မပါဝင်ခဲ့ဘူး ဒါမှမဟုတ် မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေက မှားယွင်းနေတယ်ဆိုရင် ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးကို သွားရောက်ပြီး လိုအပ်တဲ့ ပုံစံတွေကို မဖြစ်မနေ တောင်းယူဖြည့်စွတ်ဖို့လိုပါတယ်။

မြန်မာနိုင်ငံမှာ ရန်ကုန်တိုင်းဒေသကြီးက Covid-19 ရောဂါဖြစ်ပွားသူ အများဆုံးတွေ့ရတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (ကိုကိုးကျွန်းမြို့နယ် မပါဝင်) ကျန်တဲ့ (၄၄) မြို့နယ် ကို stay at home မြို့နယ်တွေအဖြစ် ကြေညာထားပါတယ်။ ဒါကြောင့်မို့လို့ (၄၄) မြို့နယ် အတွင်းမှာ နေထိုင်တဲ့ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မဲစာရင်းကို အွန်လိုင်းကနေ စစ်ဆေးနိုင်ပါတယ်။

website ကနေ မဲစာရင်း စစ်ဆေးချင်တဲ့ သူတွေအနေနဲ့ https://findyourpollingstation.uec.gov.mm/ link မှာ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် mobile application ကနေ မဲစာရင်း စစ်ဆေးချင်တဲ့ လူတွေအနေနဲ့ကတော့ google play store မှာ findyourpollingstation.apk ကို download ရယူပြီး မိမိနဲ့သက်ဆိုင်တဲ့ လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်ပြီးတာနဲ့ ကိုယ့်နာမည် မဲစာရင်းမှာ ပါလား၊ မပါဘူးလား ဆိုတာကို သိရှိနိုင်မှာပဲဖြစ်ပါတယ်။

ရန်ကုန်တိုင်းက မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ website နဲ့ mobile application ကနေ မဲစာရင်းတွေ စစ်ဆေးတဲ့အခါ မိမိနာမည်မပါဝင်ဘူး ဒါမှမဟုတ် မိမိရဲ့ အချက်အလက်တွေ မှားယွင်းနေတယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အလိုက် အုပ်ချူပ်ရေးမှူးတွေ အကူအညီနဲ့ မဲစာရင်းတွေကို ပြန်လည် ပြင်ဆင်နိုင်ပါတယ်။

ပြည်တွင်းမဲဆန္ဒရှင်တွေ၊ ပြည်ပရောက်မဲဆန္ဒရှင်တွေ နဲ့ ကြိုတင်မဲပေးခွင့်ရှိသူ (ပြည်တွင်း) က ဘယ်လိုလူမျိုးတွေဖြစ်မလဲ စတဲ့ အကြောင်းအရာတွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် https://uec.gov.mm/index.php website မှာ ဖော်ပြထားပါတယ်။
ဒါပြင့် နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲဆိုင်ရာသတ်မှတ်ချက်တွေနဲ့ ရွေးကောက်ပွဲခုံရုံးဆိုတာဘာလဲ စတဲ့အကြောင်းအရာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် website မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ နဲ့ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွေကို ဘယ်လိုတွေကျင်းပခဲ့လဲ စတဲ့အကြောင်းအရာတွေကိုလည်း ဖော်ပြထားပါတယ်။

ဒါကြောင့်မို့လို့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားလို့ အသေးစိတ်အချက်အလက်တွေကို သိချင်တယ်ဆိုရင် အစိုးရရဲ့ တရားဝင်အဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် https://uec.gov.mm/index.php website ကို ဝင်ရောက်လေ့လာသင့်ပါတယ်။

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top