သတ်ကိုးသတ်ဘုရင် ဒေ့ဗ်

dave.jpg

အိမ်ပြေးဖြစ်ခဲ့တဲ့ အစောပိုင်းနှစ်ကာလများ

ဒေ့ဗ်လက်ဒုကို ကနေဒါနိုင်ငံ ကူဘတ်ပြည်နယ် ဂါတီနော်မြို့မှာ မွေးဖွားခဲ့တာပါ။ တိုက်ခိုက်ရေးအားကစားကို စိတ်မဝင်စားသေးတဲ့ ခပ်ငယ်ငယ်တုန်းကတော့ ဘေ့စ်ဘောကစားတဲ့အခါ ဘောလုံးပစ်သူအဖြစ် ကစားတယ်။ သူ့အဖေနဲ့ သဘောထားမတိုက်ဆိုင်လို့ အသက် ၁၇ နှစ်အရွယ်မှာ အိမ်က ထွက်လာခဲ့တဲ့ ဒေ့ဗ်ဟာ ကွန်ဖူးပက်တနု(Kung Fu Patenaude)မှာ သိုင်းစသင်တယ်။ သူက ဆန်ရှိုလို့ခေါ်တဲ့ တရုတ်လက်ဝှေ့ စသင်ပြီး အပျော်တမ်းညပွဲတွေ လိုက်ထိုးတယ်။ အစောပိုင်းကတည်းက ခေါင်းတိုက်ကွက်တွေ လေ့ကျင့်သလို လေ့ကျင့်ခန်းဆင်းတဲ့အခါတိုင်း သဲအိတ်ကို လက်ဗလာနဲ့ အထိုးကျင့်တယ်။ ဒါကတော့ လက်ဝှေ့ကစားသမားဖြစ်လာမယ့် ဒေ့ဗ်ရဲ့အစောပိုင်းလက္ခဏာပေါ့။ ဒေ့ဗ်ရဲ့တိုက်ကွက်တွေထဲမှာ ဘရုစ်လီ ထွင်ထားတဲ့ ဂျစ်ကွန်းဒို(Jeet Kune Do) ပညာရပ် သဘောတရားတွေ ထပ်ပေါင်းထည့်လိုက်ချိန်မှာတော့ လုံးဝမှန်းဆမရတဲ့ ထိုးသတ်ဟန်သစ် ဖြစ်လာခဲ့ပါတယ်။

အာရှသို့ ခြေဆန့်ခြင်း

သူ့ရဲ့မွေးရပ်မြေ ကနေဒါနိုင်ငံမှာ တရားဝင် လက်ဝှေ့ထိုးခွင့်မရှိသလို မြန်မာနိုင်ငံမှာလည်း ပွဲရဖို့ ခက်ခဲလို့ ၂၀၁၃ ခုနှစ်မှာ ဒေ့ဗ်က ထိုင်းနိုင်ငံကို စတင်ခြေချခဲ့ပါတယ်။ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ထိုင်းမှာစတင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက အသက် ၂၁ နှစ်ပဲ ရှိသေးတဲ့ ဒေ့ဗ်ဟာ သူ့ရဲ့ပထမဆုံး မွေထိုင်းပွဲမှာ တောင်ကိုရီးယားပြိုင်ဘက်ကို ဒိုင်ပွဲရပ်အနိုင်ယူခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ အာရှရဲ့ အကြီးမားဆုံး လေ့ကျင့်ရေးစခန်းတစ်ခုဖြစ်တဲ့ တိုက်ဂါးမွေထိုင်း(Tiger Muaythai)ကလပ်မှာ လေ့ကျင့်ဖို့ ဖူးခတ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် တိုက်ဂါးမွေထိုင်းကလပ်ရဲ့ လက်ရည်စစ်ပွဲ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ခံခဲ့ရတဲ့ ဒေ့ဗ်ဟာ အသင်းဖော် ဒန်ဟွတ်ကာနဲ့အတူ ပရော်ဖက်ရှင်နယ်အသင်းမှာ ပါဝင်ခွင့် ရခဲ့ပါတယ်။

ထောင်တွင်းမွေထိုင်းပွဲ

၂၀၁၄ ခုနှစ် ဇူလိုင်လမှာတော့ ဒေ့ဗ်က ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ထောင်တွင်းမွေထိုင်းပွဲမှာ ပါဝင်ထိုးသတ်ခဲ့ပါတယ်။ ပြည်ပဖိုက်တာတွေနဲ့ ထိုးသတ်တဲ့ မွေထိုင်းပွဲစဉ်တွေမှာ အနိုင်ရရင် အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေးလေ့ရှိပြီး တစ်ခါတလေ ထောင်ကနေတောင် လွှတ်ပေးတတ်ပါတယ်။ ထောင်တွင်းမွေထိုင်းပွဲတွေ ကျင်းပတဲ့နေရာကတော့ ဘန်ကောက်မြို့ကနေ မြောက်ဘက်ကို ၂ နာရီလောက်သွားရတဲ့ လုံခြုံရေးအမြင့်ဆုံး ကလုန်ပိုင်ဗဟိုအကျဉ်းထောင်ပါ။ ထိုင်းနိုင်ငံ စာရိတ္ထပြုပြင်ရေးဌာနက ကြီးမှူးကျင်းပတဲ့ ထောင်တွင်းမွေထိုင်းပွဲဟာ အကျဉ်းသားတွေ စောစောစီးစီး လွတ်မြောက်မယ့် နည်းလမ်းတစ်ရပ်လို့တောင် ဆိုကြလေ့ရှိပါတယ်။

လက်ဝှေ့လောကသို့

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၁ ရက်မှာတော့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ပထမအကြိမ် မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဒေ့ဗ်က သူ့ရဲ့ပွဲဦးထွက် လက်ဝှေ့ပွဲအဖြစ် (အဲဒီအချိန်က)၇၅ ကီလိုတန်း ချန်ပီယံတူးတူးနဲ့ ထိုးသတ်ခဲ့ပါတယ်။ ဒေ့ဗ်က အသာစီးထိုးသတ်နိုင်ခဲ့ပေမဲ့ အစဉ်အလာ လက်ဝှေ့စည်းမျဉ်းတွေကြောင့် သရေပွဲဖြစ်ခဲ့တာပါ။ ဒါပေမဲ့ မြန်မာပရိသတ်တွေကတော့ ဒေ့ဗ်ကို တော်တော်လေး သဘောကျခဲ့ပါတယ်။ တူးတူးကို အသာစီး ထိုးသတ်နိုင်ခဲ့တဲ့ ဒေ့ဗ်ဟာ အဲဒီအချိန်တုန်းက အလွတ်တန်းကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်တဲ့ ထွန်းထွန်းမင်းကို စိန်ခေါ်ခဲ့ပါတယ်။ သူတို့ရဲ့ပထမဆုံးပွဲစဉ်ကတော့ အလူးအလဲ ပူးတွဲသရေဖြစ်ခဲ့ပါတယ်။

ဘုရင်တစ်ပါး မွေးဖွားခြင်း

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှာ ကျင်းပခဲ့တဲ့ အောင်လံလုပွဲမှာတော့ လူအများ မျှော်လင့်စောင့်ဆိုင်းနေကြတဲ့ ထွန်းထွန်းမင်းနဲ့ ဒေ့ဗ်ရဲ့ စိတ်မကျေပွဲ ပါဝင်လာခဲ့ပါတယ်။ ဒီပွဲမှာ အနိုင်ရသူက ဂုဏ်သိက္ခာကြီးတဲ့ ချန်ပီယံခါးပတ် ပိုင်ဆိုင်ခွင့်ရမယ်ဆိုတဲ့ အပိုဆုက စိတ်မကျေပွဲကို ပိုပြီးချိုမြိန်စေခဲ့ပါတယ်။ အဖွင့်ခေါင်းလောင်း တီးလိုက်တာနဲ့ ဒေ့ဗ်က သူ့စတိုင်အတိုင်း ပတ်ကန်မယ့်ဟန်ပြပြီး အရှိုက်ထဲကန်ထည့်တဲ့ ကန်ချက်၊ တံတောင်ရိုက်ချက်တွေနဲ့ တိုက်စစ်ဆင်ခဲ့ပါတယ်။ ထွန်းထွန်းမင်းကလည်း သူအားသန်တဲ့ ခြေကန်ချက်တွေနဲ့ တိုက်စစ်ဖွင့် ထိုးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ တတိယအချီမှာ ထွန်းထွန်းမင်း ညာခြေထောက် ဒဏ်ရာရသွားလို့ ၂ မိနစ်အနားတောင်းခဲ့ရသလို ပြန်ထိုးတဲ့အချိန်မှာလည်း ခြေထောက်ဒဏ်ရာမသက်သာတဲ့အတွက် ဆက်မထိုးနိုင်တော့ဘဲ အရှုံးပေးခဲ့ရပါတယ်။ အောင်လံကို ခါးချိုးပြီး ချန်ပီယံခါးပတ် ပိုင်ဆိုင်ခဲ့တဲ့ ဒေ့ဗ်ကတော့ ကမ္ဘာ့အလွတ်တန်းလက်ဝှေ့ချန်ပီယံခါးပတ် ဆွတ်ခူးနိုင်တဲ့ ပထမဆုံး ပြည်ပနိုင်ငံသားဖြစ်လာခဲ့ပါတယ်။

ဒေ့ဗ်နဲ့ တွေ့ဆုံမေးမြန်းခြင်း

မေး – ခင်ဗျားက ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ထောင်တွင်းမွေထိုင်းပွဲမှာ အနိုင်ရတဲ့ ပထမဆုံး ကနေဒါနိုင်ငံသားနော်။ အဲဒီအတွေ့အကြုံလေး ပြောပြပါဦး

ဖြေ – တော်တော်စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ၂၀၁၄ ခုနှစ်မှာ ကျွန်တော် ဝင်ထိုးပြီးကတည်းက သူတို့ထောင်တွင်းမွေထိုင်းပွဲ မလုပ်ဖြစ်တော့ဘူး။ ထိုင်းနိုင်ငံရဲ့ စာရိတ္တပြုပြင်ရေးဌာနက ကြီးမှူးကျင်းပပြီး နိုင်ပွဲရတဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့အချက်က တော်တော်ထူးခြားတယ်။ အိုင်ဒီယာကတော့ အလွင့်ကြီးပါ။ ကျွန်တော် နိုင်ပွဲဆက်နေတုန်း ထောင်တွင်းမွေထိုင်းပွဲထိုးဖို့ ဖိတ်ခေါ်ခံရတာပါ။ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ထောင်ကျနေတဲ့ ဝါရင့်မွေထိုင်းဖိုက်တာနဲ့ ထိုးဖို့ပေါ့။ ဘန်ကောက်မြို့နားက ကလုန်ပိုင်လုံခြုံရေးမြင့်အကျဉ်းထောင်ထဲမှာ ထိုးခဲ့တာပါ။ ပြည်ပလက်ဝှေ့သမား ၁၀ ယောက်ထဲမှာ ကျွန်တော်နဲ့ တခြားတစ်ယောက်ပဲ နိုင်တယ်။ ဇာတ်ကားထဲက အတိုင်းပါပဲ။

မေး – ခင်ဗျားက မြန်မာပြည် ချန်ပီယံခါးပတ်ရတဲ့ ပထမဆုံးပြည်ပဖိုက်တာဆိုတော့ ဘယ်လိုခံစားရလဲ။

ဖြေ- အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာတာပါ။ အခုချိန်ထိ ပြန်တွေးတိုင်း ကြက်သီးထတုန်းပါပဲ။ ကျွန်တော့်ဘဝရဲ့အကောင်းဆုံးခံစားမှုတစ်ခုပါ။ နှစ်ရှည်လများ ကြိုးစားအားထုတ်မှု၊ စွန့်လွှတ်အနစ်နာခံမှု၊ သွေး၊ ချွေး၊ မျက်ရည်တွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်ပါပဲ။

မေး – ခင်ဗျားက မြန်မာနိုင်ငံ ပြင်ပမှာ လက်ဝှေ့အားကစား လူသိများလာစေဖို့ တကယ့်ကို တွန်းအားပေးနေတယ်နော်။ ဒီလိုနည်းလမ်းမျိုးနဲ့ မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းရင်းက ဘာလဲ။ လက်ဝှေ့အားကစားကို ကမ္ဘာကသိအောင်လုပ်ရေးက ခင်ဗျားအတွက် ဘယ်လောက်အရေးကြီးလဲ။

ဖြေ – မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့ယဉ်ကျေးမှုကို ကျွန်တော် မြတ်နိုးမိနေပြီ။ သူတို့ကလည်း ကျွန်တော့်ကို သူတို့လူမျိုးတစ်ယောက်အဖြစ် လက်ခံကြတယ်။ ကျွန်တော့်ကိုချစ်ကြတယ်။ အားပေးကြတယ်။ မြန်မာနိုင်ငံမှာ ကိုယ့်အိမ်လို ခံစားရတယ်။ အရင်ဘဝတုန်းက မြန်မာနိုင်ငံမှာ လူဖြစ်ခဲ့တာလို့ ခံစားရတဲ့အကြောင်း မကြာခဏပြောဖူးတယ်။ ကြိုးဝိုင်းထဲရောက်ရင် အလဲအကွဲ ထိုးကြပေမဲ့ ကြိုးဝိုင်းအပြင်ဘက်မှာ ယဉ်ကျေး၊ ပျူငှာ၊ကြင်နာတဲ့ မြန်မာ့လက်ဝှေ့သမားတွေရဲ့စိတ်ကိုလည်း ကျွန်တော် နားလည်လက်ခံတယ်။ ကြင်နာစိတ်က တစ်ဖက်၊ လက်ဝှေ့ချစ်စိတ်က တစ်ဖက်ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေက အရမ်းထူးခြားတယ်။ လက်ဝှေ့က ကျွန်တော့်ဘဝကိုရော၊ ကျွန်တော့်မိသားစုဘဝကိုပါ ပြောင်းလဲစေခဲ့တယ်။ ကျွန်တော့်အပေါ် အများကြီးကောင်းထားတဲ့နိုင်ငံကို ကျွန်တော်လည်း ပြန်လုပ်ပေးရမယ်လို့ ခံစားရတယ်။ ဗျူဟာကတော့ ရိုးရိုးလေးပါ။ လက်ဝှေ့ကို လူကြိုက်များလေလေ၊ ခရီးသွားလုပ်ငန်း တိုးတက်လေလေ၊ စီးပွားရေးပိုကောင်းပြီး ပြည်သူတွေ အကျိုးကျေးဇူး ပိုရှိလေလေပါပဲ။ ဒါကတော့ ကျွန်တော့်စီမံကိန်းပေါ့။

မေး – စောနက ပြောခဲ့သလိုပဲ။ ချန်ပီယံခါးပတ်နဲ့ ထောင်တွင်းမွေထိုင်းပွဲ အနိုင်ရခဲ့တာက ခင်ဗျားအတွက် ကြီးမားတဲ့အောင်မြင်မှုဖြစ်နေပါပြီ။ ဒီနေ့အချိန်အထိ တိုက်ခိုက်ရေးအားကစားဘဝမှာ ခင်ဗျားရဲ့ အရေးအကြီးဆုံးအောင်မြင်မှုက ဘာလဲ။

ဖြေ – ထွန်းထွန်းမင်းနဲ့ ပထမဆုံးထိုးခဲ့တဲ့ပွဲ အနေအထားကနေ ၂ နှစ်အကြာမှာ ပြန်တွေ့တဲ့ တတိယပွဲအထိ ကျွန်တော့်ရဲ့ အရည်အချင်းတိုးတက်မှုကို အရမ်းဂုဏ်ယူတယ်။ တတိယပွဲမှာတော့ တစ်မိနစ်လောက်ကတည်းက သူ လဲကျသွားတယ်။ ကျွန်တော်က ချန်ပီယံခါးပတ်နဲ့ထိုက်တန်တယ်ဆိုတာ မြန်မာနိုင်ငံကို ပြသဖို့ အရေးကြီးပါတယ်။ အဲဒီပွဲမှာ ထွန်းထွန်းမင်း ပြန်လာပြီလို့ ယူဆထားကြတာပါ။ တစ်ရုံလုံးလည်း သူ့ပရိသတ်တွေချည်းပဲ။ ကျွန်တော့်အတွက် ဖိအားများပါတယ်။ ဒါပေမဲ့ ပထမအချီမှာပဲ ကျွန်တော့်ညာတံတောင်ရိုက်ချက်က ချိန်သားကိုက် ထိချက်မှန်သွားတယ်။ ဒီဖြစ်ရပ်ကို ကျွန်တော် အမြဲတမ်းအမှတ်ရနေမှာပါ။

မေး – တိုက်ခိုက်ရေးအားကစားလောကမှာ ခင်ဗျားနာမည် သမိုင်းတွင် ကျန်ရစ်ဖို့ ဘယ်လိုအောင်မြင်မှုရဖို့ လိုသေးတယ်လို့ မြင်လဲ။

ဖြေ – အရိုးသားဆုံးပြောရရင် ကျွန်တော့်ရဲ့ ပထမဆုံးအိပ်မက်က လက်ဝှေ့ထိုးပြီး ချန်ပီယံခါးပတ်ရဖို့ပါပဲ။ ချန်ပီယံခါးပတ် ရပြီးသွားတော့ လက်ဝှေ့ခါးပတ်အားလုံး သိမ်းပိုက်ချင်ပြီး (အငြင်းပွားဖွယ်မရှိ ချန်ပီယံ) WLC ရဲ့ လှပတဲ့ ချန်ပီယံခါးပတ်ကို လိုချင်ပြန်တယ်။ ကျွန်တော် လက်ဝှေ့လောကကနေ အနားယူပြီး ပျော်ပျော်ကြီးနေမယ်ဆို နေလို့ရပါပြီ။ ဒါပေမဲ့ ကျွန်တော် အရွယ်ကောင်း ရှိနေပါသေးတယ်။ လက်ဝှေ့လည်း ထိုးချင်သေးတယ်။ အဲဒီတော့ ရှေ့ခရီးဆက်ဖို့ နှစ်တွေ အများကြီးကျန်ပါသေးတယ်။ အခုချိန်မှာ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ရင်း ကမ္ဘာတစ်ဝန်းမှာ ဒေ့ဗ်ဆိုတဲ့ လက်ဝှေ့အမှတ်တံဆိပ်တစ်ခု တည်ဆောက်နေပါတယ်။ ဖိုက်တာတစ်ယောက်အနေနဲ့ ပြောရရင်တော့ လက်ဝှေ့ကို အမေရိကန်နိုင်ငံအထိ ပို့ဆောင်ပေးပြီး အမေရိကန်မြေပေါ်မှာ WLC ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့ အာရုံစိုက်ထားပါတယ်။

မေး – ခင်ဗျားအနေနဲ့ ပြိုင်ဘက်တစ်ယောက်ကို ရွေးချယ်ခွင့်ရမယ်ဆို ဘယ်သူ့ကို ရွေးမလဲဆိုတာနဲ့ ဘာကြောင့်ရွေးတယ်ဆိုတာ ပြောပြပေးပါဦး။

ဖြေ – ချန်ပီယံက ဘယ်သူ့ကိုမှ စိန်မခေါ်ဘူးလေ။ သူပဲ စိန်ခေါ်ခံရတာ။ WLC က ကျွန်တော်နဲ့ထိုးဖို့ ပွဲတည်ပေးသူမှန်သမျှကို ဘွာမခပ်တမ်း လက်ခံသွားမှာပါ။ ဘယ်ပြိုင်ဘက်လာလာ ရလဒ်ကတော့ တူတူပဲဖြစ်မှာပါ။ ကျွန်တော်ပဲ တစ်ပွဲလုံး အသာစီးရမှာလေ။ အောင်ပွဲရ ဖိုက်တာ တော်တော်များများက ချန်ပီယံခါးပတ်လုပွဲ ထိုးချင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ စာချုပ်ချုပ်မယ့်အချိန်လည်းရောက်ရော ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ လုပ်တယ်။ လက်ဝှေ့ထိုးမယ်ဆို သတ္တိရှိဖို့လိုတယ်။ ကျွန်တော်ကတော့ ကြိုးဝိုင်းထဲရောက်လာမယ့် ဘယ်သူ့ကိုမဆို လေးစားပါတယ်။

မေး – နောက်ဆုံးအနေနဲ့ လက်ဝှေ့သမားဖြစ်ဖို့ ဆန္ဒပြင်းပြနေတဲ့ လူငယ်တွေကို အကြံပေးစကားပြောပေးပါဦး။

ဖြေ – အလုပ်လုပ်ပါ။ ပိုက်ဆံစုပါ။ မိဘတွေကို ကျောခိုင်းပါ။ မြန်မာနိုင်ငံမှာ လာနေပြီး လက်ဝှေ့လေ့ကျင့်ပါ။ တကယ်ကောင်းတယ်ဆိုရင် မင်းဘဝတစ်ခုလုံးကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။

Overtime Heroics ဝက်ဘ်ဆိုက်၏ The King of Nine Limbs: Dave Leduc ကို ဘာသာပြန်ဆို ဖော်ပြသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top