ဒေသခံတွေအတွက် အစားအစာ (၁၀၀၀) ကျော် ချက်ပြုတ်ကာ ကျွေးမွေးနေတဲ့ အမျိုးသမီး

15-12-2020-yyl07.jpg

အီတလီအစားအစာတစ်မျိုးဖြစ်တဲ့ Lasagna ကို ကျွမ်းကျင်စွာချက်ပြုတ်တတ်တဲ့အတွက် “The Lasagna Lady” လို့ လူသိများတဲ့ ဆမ် ပီယားဗီ (Sam Peavy) ဆိုတဲ့ အမျိုးသမီးဟာ အခုလိုမျိုးအားလပ်ရက်အချိန်အခါမှာ ဒေသခံတွေအတွက် ဒိန်၊ အသား၊ ခရမ်းချဉ်တို့နဲ့ အစားသွပ်ထားတဲ့ lasagna အီတလီအစားအစာ (၁၀၀၀) ကျော် ချက်ပြုတ်တဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်။ ပီယားဗီက ဒီအစားအစာကို(၂၅) နှစ်လောက် ချက်လာခဲ့တာဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ကျွမ်းကျင်တဲ့အချက်အပြုတ်ပညာနဲ့ ကောင်းတဲ့အရာအတွက် အသုံးချနေပါပြီ။

ပီယားဗီက ဒေသခံမိသားစု (၁၀၀၀) အတွက် အစားအစာကျွေးမွေးဖို့အတွက် Women’s Club of Norfolk ပရဟိတအဖွဲ့၊ the Norfolk Fire Department တို့နဲ့လက်တွဲခဲ့တာပါ။ “ကျွန်မ lasagna လုပ်ရတာကြိုက်တယ်။ ကျွန်မအတွက် lasagna က အချစ်များစွာပါပဲ။ ဒါကြောင့် ဒီအစီအစဉ်ကို Love and Lasagna လို့ ခေါ်သင့်တယ်လို့ ကျွန်မထင်ခဲ့တာပါ” လို့ ပီယားဗီက ဆိုပါတယ်။ The Love and Lasagna စေတနာ့ဝန်ထမ်းတွေက Women’s Club ရဲ့မီးဖိုချောင်မှာပဲ ပီယားဗီကို သူတို့ရဲ့ခေါင်းဆောင်အဖြစ်သဘောထားကာ လုပ်ဆောင်ခဲ့ကြပါတယ်။ အခုလအစောပိုင်းမှာ သတင်းမီဒီယာတစ်ခုရဲ့သတင်းထောက်ဖြစ်သူ ချဲဆီး ဒိုနိုဗန် (Chelsea Donovan) က အဲဒီနေရာကို သွားရောက်ခဲ့တုန်းက lasagna ဗန်း (၇၀) လုပ်နေခဲ့တာပါ။

ပီယားဗီက သူနဲ့အတူလုပ်ကိုင်ကြတဲ့ စေတနာ့ဝန်ထမ်းတွေကို Lasagna ပြုလုပ်တဲ့အခါမှာ တာဝန်တစ်ခုချင်းစီခွဲပေးထားပါတယ်။ “မင်းတို့က အသားနဲ့ချိစ်၊ မင်းတို့ကတော့ အချဉ်ရည်နဲ့ ခေါက်ဆွဲတွေလုပ်ပါ” လို့ ပီယားဗီက ပြောပါတယ်။ ပီယားဗီက သူ ကျွမ်းကျင်တဲ့ အစားအစာချက်ပြုတ်နည်းနဲ့ အခြားသူတွေကို ကျွေးမွေးချင်တယ်ဆိုတဲ့ စိတ်ကူးကို အောက်တိုဘာလက စဉ်းစားဖြစ်ခဲ့တာပါ။ ပီယားဗီက ဗာဂျီးနီးယားပြည်နယ်က လူတိုင်းလိုလိုကို သူ့ရဲ့ lasagna ကို စားစေချင်ခဲ့တာပါ။ အခုကာလမျိုးမှာ lasagna နဲ့ နွေးထွေးမှုပေးချင်တာဖြစ်ပါတယ်။
လူတော်တော်များများအတွက် ဒီနှစ်က ခက်ခဲတဲ့နှစ်ဖြစ်တဲ့အတွက် လူတွေက အစားအစာနဲ့ ကြင်နာတရားတွေလိုအပ်နေကြတာပါ။ ဒါကတော့ ပီယားဗီရဲ့အကြင်နာတရားနဲ့ တည်ခင်းကျွေးမွေးလိုက်တဲ့အရာပါပဲ။

Ref: CBSNews “The Lasagna Lady” cooking up 1,000 meals for local families this holiday season”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top