ဆုံးခန်းတိုင်အောင် မတက်ခဲ့ရတဲ့ ကောလိပ်မှာ ဒေါ်လာ သန်း ၂၀ လှူဒါန်းခဲ့တဲ့ အမျိုးသား

25-2-2021-yyl11.jpg

လွန်ခဲ့တဲ့ နှစ် (၆၀) အကျော်က ကယ်ဗင် အီ တေလာ ဂျူနီယာ (Calvin E Tyler Jr) ဆိုတဲ့ အမျိုးသားဟာ ပိုက်ဆံမတတ်နိုင်ခဲ့တဲ့အတွက် ကောလိပ်မတက်တော့ဘဲ ထွက်ပစ်ခဲ့ရပါတယ်။ နှစ် ၆၀ နီးပါးအကြာ အခုပတ်မှာတော့ ကယ်ဗင်ဟာ သူ တက်ခဲ့ဖူးတဲ့ ကောလိပ်မှာ သူ့နာမည်နဲ့ တည်ထောင်ထားတဲ့ ပညာသင်ထောက်ပံ့ကြေးရန်ပုံငွေအတွက် ဒေါ်လာ သန်း ၂၀ လှူဒါန်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ကယ်ဗင်ဟာ ၁၉၆၁ခုနှစ်က ဘော်လ်တီမိုးမြို့ရဲ့လူမည်းကောလိပ်လို့ သိထားကြတဲ့ Morgan State College မှာ တက်ရောက်ခဲ့တာပါ။ ဒါပေမဲ့ ၁၉၆၃ခုနှစ်မှာ ကောလိပ်တက်ရောက်ဖို့ ဝင်ငွေမရှိတဲ့အတွက် ကျောင်းထွက်ပစ်ခဲ့ပြီး UPS ကားမောင်းသမားဖြစ်လာခဲ့ပါတယ်။ ဘော်လ်တီမိုးမြို့က ပထမဆုံး UPS ကားမောင်းသမား (၁၀) ဦးထဲက တစ်ယောက်ဖြစ်ခဲ့ပြီး ၁၉၉၈ခုနှစ် အနားမယူခင်မှာ UPS အော်ပရေရှင်းတစ်ခုလုံးရဲ့ဒုဥက္ကဌဖြစ်ခဲ့ပါတယ်။ သူဟာ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာအဖွဲ့ထဲလည်း ပါဝင်ခဲ့ပါတယ်။ သူ ချမ်းသာလာခဲ့ပေမဲ့ သူ ဘယ်ကနေ စခဲ့လဲဆိုတာကို ဘယ်တော့မှ မမေ့ခဲ့ဘူးလို့ ကောလိပ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုဆိုရင် ကယ်ဗင်နဲ့ သူ့ဇနီး တီနာတို့ဟာ ကောလိပ်ပြီးဖို့အတွက် ငွေရေးကြေးရေးအခက်အခဲဖြစ်နေတဲ့ သူတွေကို ကူညီပေးနေတာပါ။ သူတို့ဇနီးမောင်နှံက ၂၀၀၂ခုနှစ်မှာ the Calvin and Tina Tyler Endowed Scholarship Fund ကို တည်ထောင်ခဲ့ပြီး ၂၀၀၁၆ခုနှစ်မှာ ကျောင်းအတွက် ကန်ဒေါ်လာ ၅ သန်းလှူဒါန်းခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သမိုင်းမှာ လှူဒါန်းမှုအများဆုံးဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ရန်ပုံငွေအဖွဲ့အစည်းက Morgan State University က ကျောင်းသား၊ သူ (၂၂၂) ဦးကို ကျူရှင်သင်ယူခွင့်ရစေခဲ့သလို ပညာသင်ထောက်ပံ့ပေးမှုလည်းရရှိစေခဲ့ပါတယ်။ ဒါပေမဲ့ ကပ်ရောဂါက မိသားစုတွေကို ပိုပြီး ငွေရေးကြေးရေးအခက်အခဲဖြစ်စေခဲ့တဲ့အတွက် ကယ်ဗင်က ကန်ဒေါ်လာ သန်း ၂၀ လှူဒါန်းဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။

Morgan State University ရဲ့ဥက္ကဌ ဒေးဗစ် ကေ ဝီလ်ဆန် (David K Wilson) ကလည်း ကယ်ဗင်ရဲ့လှူဒါန်းမှုကနေတဆင့် အနာဂတ်မျိုးဆက်ခေါင်းဆောင်တွေအတွက် အဆင့်မြင့်ပညာရေးကို တံခါးဖွင့်ပေးထားတယ်လို့ ပြောပါတယ်။ Morgan ရဲ့ ကျောင်းသား/သူ (၉၀) ရာခိုင်နှုန်းက ငွေကြေးထောက်ပံ့မှုကို ရရှိကြတယ်လို့ သိရပါတယ်။ Tyler Scholarship လျှောက်ထားတဲ့သူတွေက အနည်းဆုံး GPA ရမှတ် ၂.၅ တော့ရှိရပါမယ်။ “လူငယ်တွေ အောင်မြင်ဖို့အတွက် ကူညီဖို့ ကြိုးစားနေပါတယ်။ ဒီရည်မှန်းချက်ကို Morgan ရဲ့မစ်ရှင်နဲ့ ညီနေပါတယ်။ Morgan State က ဒီအရင်းအမြစ်တွေကို အသုံးပြုဖို့အတွက် အကောင်းဆုံးတက္ကသိုလ်ဖြစ်လာမယ်လို့ ယုံကြည်တယ်” လို့ ကယ်ဗင်က ပြောခဲ့ပါတယ်။

Ref: CBSNews “Nearly 60 years after dropping out of college because he couldn’t afford it, this man donated $20M to the school for financial aid”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top