မိဘနဲ့တူတဲ့ သရက်ပင်ကြီး

41966c0976c37b8a33805b42ea84b0fd.jpg

တစ်ခါတုန်းကပေါ့…နှစ်စဉ်နှစ်တိုင်း သရက်သီးတွေ လှိုင်လှိုင်သီးတဲ့ သရက်ပင်ကြီးတစ်ပင်ရှိပါတယ်။ ကလေးငယ်လေးတစ်ယောက်ဟာ အဲဒီသရက်ပင်ကြီးရဲ့ အောက်ကိုလာပြီးတော့ နေ့စဉ်နေ့တိုင်း လာကစားတယ်။ သစ်ပင်ပေါ်တက်ပြီး သရက်သီးတွေ ခူးစားတယ်။ သရက်ပင်ကြီးရဲ့ အရိပ်အာဝါသအောက်မှာ အနားယူတယ်။

ကောင်လေးဟာ သရက်ပင်ကြီးဆီလာပြီးဆော့ကစားရတာ ပျော်ရွှင်သလို သရက်ပင်ကြီးကလည်း ကောင်လေးအပေါ် သံယောဇဉ်ရှိလာခဲ့ပါတယ်။

ကလေးငယ်လေး တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့ အရင်လိုမျိုး သရက်ပင်ကြီးဆီ နေ့စဉ်နေ့တိုင်းလာပြီးတော့ မဆော့ကစားတော့ပါဘူး။ တစ်နေ့မှာတော့ ကောင်လေးက စိတ်ပျက်ဝမ်းနည်းတဲ့ မျက်နှာထားနဲ့ သရက်ပင်ကြီးဆီပြန်ရောက်လာခဲ့ပါတယ်။ သရက်ပင်ကြီးက “လာပါ။ ငါနဲ့အတူတူကစားရအောင်လို့”လှမ်းခေါ်လိုက်တဲ့အခါ ကောင်လေးက ” သရက်ပင်ကြီး ကျွန်တော်စိတ်ညစ်နေတယ်ဗျာ။ ကျွန်တော့်သူငယ်ချင်းတွေသုံးတဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို သူတို့နဲ့တန်းတူသုံးချင်လို့ ဝယ်ဖို့ကလည်း ပ်ိုက်ဆံမရှိပြန်ဘူး” လို့ဆိုလိုက်တဲ့အခါ သရက်ပင်ကြီးက ” ကောင်လေး ငါမှာတော့ ပိုက်ဆံမရှိဘူး။ ဒါပေမဲ့ ငါ့ရဲ့ သရက်သီးတွေကို မင်းခူးဆွတ်ပြီး ပြန်ရောင်းမယ်ဆိုရင် မင်းလိုချင်တဲ့ ပိုက်ဆံတွေ ရလာမှာပါ”လို့ ဆိုလိုက်ပါတယ်။ အဲ့ဒီအခါမှာတော့ ကောင်လေးက သရက်သီးတွေ ခူးဆွတ်ပြီး ပျော်ရွှင်စွာနဲ့ပဲ သရက်ပင်ကြီးနားက ထွက်ခွာသွားခဲ့ပါတယ်။ သရက်ပင်ကြီးကတော့ ကောင်လေးထွက်ခွာသွားတာကြည့်ပြီးတော့ စိတ်မကောင်းစွာနဲ့ ဝမ်းနည်းပြီးကျန်ခဲ့ပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ကောင်လေးက သရက်ပင်ကြီးဆီ ပြန်ရောက်လာပါတယ်။ သရက်ပင်ကြီးက “မတွေ့တာကြာပြီ ကောင်လေး။ လာပါ …ငါနဲ့အတူတူကစားရအောင်” လို့ဖိတ်ခေါ်လိုက်ပါတယ်။ အဲ့ဒီအခါမှာတော့ ကောင်လေးက ” ကျွန်တော့်အတွက် ဆော့ကစားဖို့ အချိန်မရှိတော့ပါဘူးဗျာ။ ကျွန်တော် မိသားစုအတွက် အိမ်တစ်လုံးဆောက်ပေးဖို့လိုအပ်နေတယ်။ ကူညီနိင်ရင် ကူညီပါဦး” လို့ အကူညီတောင်းလိုက်ပါတယ်။ သရက်ပင်ကြီးက ” ငါ့မှာတော့ မင်းကိုပေးဖို့ အိမ်တော့မရှိပါဘူး။ လိုအပ်မယ်ဆိုရင်တော့ ငါ့အကိုင်းအခက်တွေကို ခုတ်ယူသွားပါ” လို့ ဆိုလိုက်တဲ့အခါ ကောင်လေးက သရက်ပင်ကြီးရဲ့ အကိုင်းအခက်တွေကို ဖြတ်တောက်ပြီး ပြန်လည်ထွက်ခွာသွားပါတယ်။ ထုံးစံအတိုင်းပဲ သရက်ပင်ကြီးကတော့ အထီးကျန်စွာ ကျန်နေခဲ့ပါတယ်။

ဒီလိုနဲ့ ရာသီတွေအလီလီပြောင်းလဲလာခဲ့ပြီး တစ်ခုသောနွေရာသီမှာတော့ ကောင်လေးဟာ စိတ်မချမ်းသာစွာနဲ့ သရက်ပင်ကြီးရှိရာကို ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ်။ သရက်ပင်ကြီးက ကောင်လေးကိုတွေ့လိုက်တယ်ဆိုရင်ပဲ ဝမ်းသာအားရနဲ့ “မတွေ့တာ တော်တော်ကြာပြီနော်။ လာပါ…ငါအရိပ်အောက်မှာ အနားယူပြီး စကားစမြည်ပြောကြရအောင်” လို့ ဆိုလိုက်တဲ့အခါ ကောင်လေးက “ကျွန်တော် ခရီးတစ်ခုထွက်ဖို့အတွက် လှေတစ်စင်းလိုအပ်နေတယ်။ သရက်ပင်ကြီး ကျွန်တော့်ကို ကူညီနိင်မလား” လို့ မေးလိုက်တဲ့အခါ “ကောင်လေး ငါ့မှာတော့ ဘယ်လိုလုပ်ပြီးတော့ လှေရှိပါ့မလဲ။ မင်းလိုတယ်ဆိုရင်တော့ ငါ့ပင်စည်ကို ဖြတ်တောက်ပါ။ ပြီးရင် မင်းလိုအပ်နေတဲ့ လှေတစ်စင်းကို တည်ဆာက်ပြီး သွားလိုတဲ့ခရီးကို ပျော်ရွှင်စွာသွားနိင်ပါတယ်” လို့ ပြောလိုက်ပါတယ်။ ကောင်လေးလည်း သရက်ပင်ကြီးရဲ့ ပင်စည်တွေကို ဖြတ်တောက်ပြီး သယ်ဆောင်သွားပြန်တယ်။

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ မနာကျန်းဖြစ်နေတဲ့ လူကြီးတစ်ယောက်ဟာ သရက်ပင်အိုကြီးဆီရောက်လာပါတယ်။ အဲဒီအခါ သရက်ပင်ကြီးက “အိုး…ကောင်လေး မတွေ့ရတာ အတော်ကြာပြီနော်။ ဒီတစ်ခါတော့ ငါ့မှာမင်းကို ပေးစရာသရက်သီးတွေလည်း မရှိတော့ပါဘူး။ ငါ့အပေါ်မှာတက်ထိုင်ဖို့ သစ်ကိုင်းအခက်အလက်တွေလည်းမရှိတော့ပါဘူး။ အေး…မကြာခင်သေတော့မယ့် အမြစ်တွေပဲ ကျန်တော့တာပါ” စိတ်မကောင်းကြီးစွာနဲ့ ဆိုလိုက်ပါတယ်။ အဲဒီအခါ ” မိတ်ဆွေ သရက်ပင်အိုကြီး…ငါ့မှာလည်း စားဖို့သွားတွေမကောင်းတော့ပါဘူး။ မင်းရဲ့ အကိုင်းအခက်တွေပေါ် တွယ်တက်ဖို့လည်း မသန်စွမ်းတော့ပါဘူးကွာ။ ထိုင်ပြီး အနားယူဖို့အတွက်နေရာလေးတစ်ခုကလွဲပြီး ငါဘာမှမလိုတော့ပါဘူး” လို့ ဆိုလိုက်တဲ့အခါ “ကောင်းပါပြီ။ ငါ့ရဲ့ အမြစ်တွေပေါ်မှာ ထိုင်ပြီး မင်းစိတ်ကြိုက် အနားယူအမောဖြေလို့ရပါတယ်” လို့ ကြည်နူးဝမ်းသာစွာနဲ့ပဲ သရက်ပင်အိုကြီးက ပြန်ဖြေလိုက်ပါတယ်။

ဒီအကြောင်းအရာလေးထဲက သရက်ပင်ကြီးဟာ ကျွန်တော်တို့ရဲ့ မိဘတွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ သားသမီးတွေက ငယ်စဉ်ကတည်းက အသက်အရွယ်ရပြီး ဆုံးပါးသွားတဲ့အထိ မိဘတွေဆီကနေလိုချင်တဲ့ အရာမှန်သမျှကို ပူဆာပြီး တောင်းဆိုခဲ့ကြပါတယ်။ မိဘတွေကလည်း သားသမီးတွေရဲ့ လိုအပ်ချက်မှန်သမျှကို သရက်ပင်ကြီးလိုမျိုး အသက်ဘေးကိုမကြည့်ဘဲ အချိန်တိုင်းဖြည့်ဆည်းပေးဖို့အသင့်ဖြစ်နေပါတယ်။ သားသမီးတွေကတော့ အချိန်တန် အရွယ်ရောက်လို့ ပညာစုံတဲ့အခါ မိဘကျေးဇူးကို ပြန်လည်ပေးဆပ်ဖို့မေ့နေကြပြီး ခလုတ်ထိမှအမိတ ဆိုတဲ့အတိုင်း အန္တရာယ် အခက်အခဲတစ်စုံတစ်ရာကြုံတွေ့တဲ့အခါမှသာ သတိရတတ်ကြပါတယ်။ မိဘနှစ်ပါးရဲ့ ကျေးဇူးကို အမြဲတမ်းအောက်မေ့သတိရပြီး ကျေးဇူးဆပ်ခြင်းက မွန်မြတ်သော မင်္ဂလာတရားတစ်ပါးပဲဖြစ်ပါတယ်။

(ဒီအကြောင်းအရာလေးဖတ်ပြီး မိဘနှစ်ပါးရဲ့ ကျေးဇူးတရားကို အောက်မေ့သတိရမိလိုက်တယ်ဆိုရင် စာရေးသူ ကျေနပ်ပါပြီ)

Ref: “The Manago Tree and The Boy”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top