ကော်ဖီစွဲလမ်းမှုကို ဘယ်လိုဖျောက်မလဲ

coffee.png

မိုးအေးအေးလေးမှာ ကော်ဖီလေးသောက်လိုက်ရတာက တော်တော်လေးအရသာရှိတယ်နော်။ မနက်ခင်းမှာ ကော်ဖီမွှေးမွှေးလေးတစ်ခွက်သောက်လိုက်ရရင်ကို တစ်နေ့လုံးတက်တက်ကြွကြွ အလုပ်လုပ်နိုင်တယ်။ မနက်ခင်းကော်ဖီမသောက်ရရင် စိတ်တိုလာတယ်၊ ခေါင်းကိုက်လာတယ်ဆိုတာမျိုးတွေ ဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင်ဟာ ကော်ဖီကို လိုတာထက်ပိုပြီး စွဲလမ်းနေပါပြီ။ ဒါက ကြီးကြီးမားမား ကိစ္စမဟုတ်ပေမယ့် မွေးမထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။

ကော်ဖီက စွဲလမ်းစေတတ်လား

ကော်ဖီမှာပါတဲ့ ကဖင်းကစွဲလမ်းစေတတ်ပါတယ်။ တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် မနက်ခင်းမှာကော်ဖီလေးသောက်တတ်ကြသလို နေ့ခင်းနေ့လယ်ပျင်းတဲ့အခါမျိုး၊ အိပ်ငိုက်တဲ့အခါမျိုးမှာလည်း စိတ်လန်းသွားအောင်ဆိုပြီးကော်ဖီကိုသောက်တတ်ကြပါတယ်။ တစ်ရက်နှစ်ရက်က ပြဿနာမရှိပေမယ့် တစ်ပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်ကနေ (၁) လလောက်ကြာလာတဲ့အခါ ကော်ဖီကို အချိန်ကျရင် မသောက်ရမနေနိုင်ဖြစ်လာပါတယ်။ ဒီအခြေအနေက ကော်ဖီစွဲလမ်းတဲ့အခြေအနေပါ။

ကော်ဖီစွဲလမ်းမှုကို ဘယ်လိုဖြေရှင်းမလဲ

ကော်ဖီကိုစွဲနေတာကို ချက်ချင်းဖြတ်ဖို့ကခက်ပါတယ်။ ဖြည်းဖြည်းချင်းပဲလျှော့ချရမှာပါ။ ဒါမှ ထိခိုက်မှုကင်းကင်းနဲ့ ကေ်ာဖီစွဲလမ်းမှုကို ဖြေရှင်းနိုင်မှာပါ။

တစ်နေ့ကို (၂၅) ရာခိုင်နှုန်းလျှော့ချပေးပါ

ကော်ဖီကို ချက်ချင်းဖြတ်လိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီတော့ တဖြည်းဖြည်းချင်းလျှော့ချတာက အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။ ဒါကြောင့် ပုံမှန်သောက်နေတာက (၄) ခွက်ဆိုရင် (၃) ခွက်လောက်ဖြစ်အောင်လျှော့ချလိုက်ပါ။ တဖြည်းဖြည်းချင်းလျှော့ချမှုက ထိခိုက်မှုနည်းတဲ့ ကော်ဖီစွဲလမ်းမှုကိုဖြေရှင်းမှုပါ။

ရေသောက်ပါ

ကော်ဖီသောက်ချင်လာတဲ့အခါမျိုးမှာဖြစ်ဖြစ် အခြားကျန်တဲ့အချိန်တွေမှာဖြစ်ဖြစ် တစ်နေ့တာမှာ ရေပမာဏကို လုံလောက်အောင်သောက်ပေးပါ။ ရေလုံလောက်အောင် သောက်သုံးမှုကလည်း ကော်ဖီစွဲလမ်းမှုကို ဖြေရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်။

ပရိုတင်းစားပေးပါ

ကော်ဖီသောက်ချင်လာတဲ့အခါ ပရိုတင်းပါတဲ့စားစရာတစ်ခုခုကို စားပေးပါ။ ဒီလိုပုံမှန်လုပ်ဆောင်ပေးမှုက ကော်ဖီသောက်ချင်စိတ်ကို ဖြေဖျောက်ဖို့ အကောင်းဆုံး အကူအညီပေးနိုင်ပါလိမ့်မယ်။

ရေနွေးကြမ်းသောက်ပေးပါ

ကော်ဖီသောက်ချင်လာတဲ့အခါတိုင်း ရေနွေးကြမ်းလေးသောက်ပေးပါ။ ဒီလိုလုပ်ပေးတာက ကဖင်း စွဲလမ်းမှုကို တဖြည်းဖြည်းဖြေလျှော့ပေးဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။

ပီကေဝါးပါ

ကော်ဖီသောက်ချင်လာတဲ့အခါ ပီကေဝါးပေးပါ။ ခံတွင်းချဉ်တာကို သိသိသာသာလျော့ပါးစေမှာပါ။

အိပ်လိုက်ပါ

ကော်ဖီသောက်ချင်တဲ့စိတ်ကို ဖြေဖျောက်ဖို့အတွက် အသုံးဝင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုက နေ့ခင်း ကော်ဖီသောက်ချင်လာတဲ့အချိန်မှာ တစ်ရေးလောက်အိပ်လိုက်တာပါ။

စိတ်ရှည်ပါ

ကော်ဖီစွဲလမ်းဖို့က အချိန်ယူခဲ့ရသလို ကော်ဖီဖြတ်ဖို့ကလည်း တစ်ရက်တည်းနဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်းပဲသွားပေးပါ။

Ref: Helloဆရာဝန်
ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top