ပစ္စုပ္ပန်တည့်တည့်မှာသာ နေထိုင်ပါ

8-7-2020-yyl-025.jpg

မတူညီတဲ့ ပြစ်မှုတွေကြောင့် လူနှစ်ယောက်ဟာ အကျဉ်းထောင်တစ်ခုထဲမှာ တစ်ခန်းထဲအတူတူ အကျဉ်းချခြင်းခံရပါတယ်။ ကျခံရမယ့် ပြစ်ဒဏ်အသီးသီးတွေက တူညီလုနီးပါးဖြစ်ပေမဲ့

တစ်ယောက်က ပျော်နေပြီး ကျန်တစ်ယောက်ကတော့ ဝမ်းနည်းစွာနဲ့ငိုကြွေးနေပါတယ်။

ပျော်ရွှင်နေတဲ့လူက ” သူငယ်ချင်း…မင်းကြည့်ရတာ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ဘာတွေများစိတ်ညစ်ပြီး ငိုနေတာလဲကွ။ ငါဘာများ ကူညီပေးရမလဲ” လို့မေးလိုက်ပါတယ်။ အဲဒီအခါမှာ “အရင်တုန်းက ငါက အစစအရာရာ ကံကောင်းခဲ့တဲ့ လူတစ်ယောက်ကွ။ မကြာသေးခင်က ကမ်းခြေတစ်ခုကိုသွားခဲ့ပြီး အဲ့ဒီမှာ ငါအပန်းဖြေခဲ့တာ အရမ်းပျော်စရာကောင်းတာပဲ။ အခုတော့ အလင်းရောင်မရှိတဲ့ အခန်းကျဉ်းလေးထဲမှာ ရောက်နေတဲ့ ငါ့ဘဝကိုငါ ပြန်တွေးပြီး ဝမ်းနည်းနေတာပါ။ မင်းကရော ဒီအကျဉ်းထောင်ထဲရောက်နေတာကို ဘာလို့ စိတ်မညစ်ဘဲ ပျော်နေရတာလဲ”လို့ ပြန်မေးလိုက်ပါတယ်။

ဒီအခါ ပျော်နေတဲ့သူက “ဒီလိုသူငယ်ချင်းရ…ငါဒီထောင်ကိုမရောက်ခင်တုန်းက အခြားထောင်တစ်ခုမှာ နေခဲ့ရသေးတယ်။ အဲဒီမှာ စားရေးသောက်ရေးကလည်း အခုထက် အများကြီးဆိုးဝါးတယ်။ အခန်းကလည်း မှောင်မဲနေပြီးတော့ ငရဲကျနေသလိုပဲ။ ဒီအကျဉ်းထောင်ကိုပြောင်းလာရတာက ငါ့အတွက်တော့ မင်းပြောတဲ့ ကမ်းခြေတစ်ခုကို ရောက်လာသလိုခံစားရတာကြောင့် ငါပျော်နေတာပါ”လို့ ပြောလိုက်ပါတယ်။

ဆက်ပြီးတော့ “သူငယ်ချင်း ငါတို့အတိတ်က ဘယ်လိုပဲပျော်ရွှင်ခဲ့ပျော်ရွှင်ခဲ့ အခုအပြစ်ဒဏ်ကျနေတဲ့ အချိန်နဲ့တော့ နှိုင်းယှဉ်လို့ရမှာမဟုတ်ဘူးလေ။ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေမှာ စိတ်မဆင်းရဲဘဲ အတတ်နိင်ဆုံး အကောင်းဆုံး နေထိုင်သွားဖို့ပဲလိုအပ်တာပါ”လို့ပြန်ပြောလိုက်ပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိပစ္စုပ္ပန်မှာ အခက်အခဲတစ်စုံတစ်ရာနဲ့ ကြုံတွေ့ရပြီဆိုရင် အတိတ်နဲ့နှိုင်းယှဉ်ပြီးတော့ အားမလိုအားမရဖြစ်တတ်ကြပါတယ်။ အဲဒီလို အတိတ်ကြောင့် အားမလို အားမရဖြစ်နေမယ့်အစား အနာဂတ်ကောင်းဖို့အတွက် ရည်ရွယ်ပြီး ပစ္စုပ္ပန်မှာအကောင်းဆုံး ကြိုးစားနေထိုင်သွားတတ်ဖို့ လိုအပ်ပါကြောင်း…။

Ref: “The Two Man”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top