စိတ်ဖိစီးတတ်တဲ့အလေ့အကျင့်ပျောက်အောင် ကျေးဇူးတင်စကားဆိုပါ

th1-e1554344895110.jpg

စိတ်ဖိစီးမှုဆိုတာက ဘဝရဲ့သာမန်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူသားတိုင်းဘဝမှာ တစ်ခါတော့စိတ်ဖိစီးမှုကို ကြုံဖူး ကြမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို မရှောင်ရှားနိုင်တဲ့အတွက် ကျေးဇူးတင်စကားဆိုတတ်တဲ့ အလေ့အထကို သင်ယူဲပြီး စိတ်ဖိစီးမှုတွေကို ဖြေရှင်းကြရအောင်။ ကျေးဇူးတင်စကားဆိုတယ်ဆိုတာက ဘဝမှာတွေ့ကြုံလာရတဲ့ ကျေးဇူးတင်စရာကောင်းတဲ့အရာတွေကို ဘယ်လောက်ပဲသေးငယ်သည်ဖြစ်စေ ကျေးဇူးတင်တတ်တာကို ဆိုလိုတာဖြစ်ပါတယ်။ ကျေးဇူးတင်တတ်တဲ့ အလေ့အထကို မွေးမြူတာက အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို မေ့ဖျောက်စေခြင်းဖြင့်စိတ်ဖိစီးမှုကိုဖြေရှင်းပြီး စိတ်ဖိစီးမှု ကနေသက်သာရာရစေကာ ဘဝအရည်အသွေးကို တိုးတက်ကောင်းမွန်စေပါတယ်။

သိပ္ပံပညာရပ်မှာ အလေ့အထတစ်ခုကို (၂၁) ရက်ကြာလုပ်ပေးရုံနဲ့ အကျင့်တစ်ရပ်လိုဖြစ်လာမယ်လို့ဆိုပါတယ်။ ကျေးဇူးတင်တတ်တဲ့ အလေ့အထကို လူတိုင်းမွေးကတည်းက ပါမလာကြပါဘူး။ ဒါပေမယ့် ကိုယ်ပိုင်အလေ့အကျင့်လို့ဖြစ်အောင် လုပ်ယူလို့ရပါတယ်။ ဘဝအခက်အခဲတွေနဲ့ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ရာမှာလိုအပ်တဲ့ ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်လေး မွေးမြူဖို့ လေ့ကျင့်ဖို့နည်းလမ်းလေးတွေ ပါးပါရစေ။

၁။ စာရင်းလုပ်ပါ

ညအိပ်ရာမဝင်ခင်တိုင်း စာရွက်တစ်ရွက်ပေါ်မှာ ဘောလ်ပင်နဲ့ တစ်နေ့တာအဖြစ်အပျက်တွေကို တွေးတောရေးချပါ။ အဲဒီအချက်တွေထဲက (၃) ခုလောက်ကို ကျေးဇူးတင်နိုင်ဖို့ကြိုးစားပါ။ သည်လိုလည်းတွေးကြည့်နိုင်ပါတယ်။ သင့်မှာ အမြင်အာရုံ၊ အကြားအာရုံနဲ့ ခြေလက်တွေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဆုံးရှုံးနိုင်တယ်လို တွေးကြည့်ပါ။ အခုချိန်ထိ ဒီအရာတွေကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့အတွက် ကျေးဇူးတင်လိုက်ပါ။ ကျေးဇူးတင်တတ်ခြင်းရဲအကျိုးကျေးဇူးကို သင်ပြန်ရပါလိမ့်မယ်။

၂။ စာတစ်စောင်ရေးပါ

ဘဝမှာ သင့်အပေါ်ကောင်းကောင်းစိုးမိုးနိုင်တဲ့ သူတစ်ယောက်ယောက်တော့ရှိမှာပါ။ ယနေ့ သင်ဘယ်သူဘယ်ဝါဆိုတဲ့ အခြေအနေကိုရောက်အောင် လုပ်ပေးခဲ့တဲ့သူ တစ်ဦးဦးပေါ့။ သူတို့ကိုကျေးဇူးတင်ခဲ့ဖူးရဲ့လား။ မတင်ခဲ့ဖူးဘူးဆိုရင် ကျေးဇူးတင်ကြောင်း စာလေးတစ်စောင်လောက် ပါးရအောင်ပါ။ စာထဲမှာ သင့်ကိုအကူအညီပေးခဲ့ဖူးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းရေးပါ၊ မေးလ်ကနေဖြစ်ဖြစ် ပို့ပါ။ ကိုယ်တိုင်သွားပြောလို့လည်းရပါတယ်။

၃။ ကိုယ်ကိုကိုယ် သတိပေးပါ

ကျေးဇူးတင်တတ်တဲ့ အလေ့အထဖြစ်လာစေဖို့ ကြိုးစားရခက်မှတော့ အသေအချာပါပဲ။ အထူးသဖြင့် ယနေ့ခေတ်ကာလလို အလုပ်တွေနဲ့ မအားလပ်နိုင်တဲ့အခါမျိုးမှာ ကျေးဇူးတင်တယ်လို့ပြောဖို့ထက် အရေးကြီးတဲ့အရာတွေ အများအပြားရှိနေပါတယ်။ သို့ပေမဲ့လည်း ကျေးဇူးတင်စကားပြောဖို့လိုအပ်တယ် ဆိုတာကိုမမေ့ပါနဲ့။ စားပွဲ၊ အိမ်အနီးဝန်းကျင်မှာ ကျေးဇူးတင် စကားဆိုရမယ်ဆိုတာကို စာရွက်လေးနဲ့ရေးပြီးကပ်ထားပါ။ အထပ်ထပ်အခါခါလုပ်ဆောင်ရင် အလေ့အကျင့်ဆိုတာမျိုး ကဖြစ်လာတာပါပဲ။ တစ်နေ့တာလုံး တွေ့ကြုံလာရတဲ့ ကျေးဇူးတင်ရမယ့်ကိစ္စရပ်တိုင်းကို ကျေးဇူးတင်စကားဆိုဖို့ မမေ့ပါနဲ့။

ပထမတော့ ကျေးဇူးတင်တယ်ပြောရတာ ခက်ပါလိမ့်မယ်။ နောက်တော့အဆင်ပြေပြီး အကျင့်ဖြစ်သွားပါလိမ့်မယ်။ ကျေးဇူးတင်တတ်တဲ့အကျင့်ရသွားတဲ့အခါ ဘဝမှာစိတ်ဖိစီးတာတွေ လျော့ကျလာပြီး စိတ်ခံစားမှုပိုကောင်းလာတာကိုခံစားရလာပါလိမ့်မယ်။

ရေးသားသူ – Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top