ဆောင်းဦးလှိုင်ပြောပြတဲ့ မူးယစ်ဆေးနဲ့ အနုပညာ

Song-Oo-Hlaing.png

တေးရေး၊ တေးဆို ဆောင်းဦးလှိုင် ဆိုတာ ဂီတသံစဉ်ကောင်းတွေကို ထုဆစ်ပေးနေတဲ့ လက်တစ်စုံ ပိုင်ရှင်ပါ။ သူ့ရဲ့ ဂီတတွေ ရှင်သန်နိုင်ဖို့ မည်သည့်စပွန်ဆာ၊ မည်သည့်ငွေကြေးမှ မလိုဘဲ ပရိသတ် ပြည်သူတွေနဲ့ မိတ်ဆွေကောင်းတွေရဲ့ အားပေးရပ်တည်မှုသာ လိုတယ်လို့ ဆိုထားတဲ့ အနုပညာမှာ လိပ်ပြာသန့်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆောင်းဦးလှိုင်ရဲ့ သီချင်းတွေကြောင့် ဂီတလောကမှာ ထိပ်တန်း ဖြစ်သွားတဲ့ အဆိုတော်တွေကလည်း အထင်အရှား သာဓက ရှိပါတယ်။

လတ်တလောမှာ အနုပညာရှင်တွေဖြစ်တဲ့ ရွှေထိုက်၊ ရသနဲ့ ဒါရိုက်တာ မိုက်တီးတို့ မူးယစ်ဆေးဝါးအမှုနဲ့ အဖမ်းခံရတဲ့ သတင်းတွေက ပျံနှံ့နေပြီး အများနဲ့မတူ တဲ့ ခံယူချက်ရှိသူ ဆောင်းဦးလှိုင်ကတော့ “မူးယစ်ဆေးနဲ့ အနုပညာ” အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ဩဂုတ်လ ၁၇ ရက်နေ့က ခုလို ရေးတင်ထားပါတယ်။

“ မူးယစ်ဆေးသုံးပြီး စွဲနေတဲ့လူတွေ ရှိကြပါတယ်။ အနုပညာသမားတွေ အပါအဝင် ကလေးသူငယ်တွေ အထိ မြန်မာမှာသာမက ကမ္ဘာမှာပါ ရှိနေကြတာ ဖြစ်ပါတယ်။ လူပေါင်းစုံရဲ့ ဘဝတွေ ထိခိုက်ပျက်စီးလျက် ရှိပါတယ်။ မူးယစ်ဆေးသုံးပြီး အနုပညာဖန်တီးရင် ဈာန်ဝင်စားမှု မြင့်မားတယ်လို့ သုံးကြသူတွေ ပြောဖူးတာ ကြာဖူးကြမယ် ထင်ပါတယ်။ သူတို့ အောင်မြင်မှု ဖန်တီးနိုင်မှုဟာ ခဏတာသာ ဖြစ်လိမ့်မယ်။ ရေရှည်မှာ မူးယစ်ဆေးကသာ လွှမ်းမိုး အနိုင်ယူသွားပုံရပြီး မူးယစ်ဆေးစွဲနေတဲ့ အနုပညာသမားဟာ ကြာတော့ ဘာအသစ်မှ မဖန်တီးနိုင်တော့ပါ။ ဖန်တီးသမျှကလည်း မကောင်းကြပါ။ ဒါကြောင့် မူးယစ်ဆေးသုံးမှ အနုပညာလက်ရာကောင်းထွက်တယ်ဆိုတာ လုံးဝမဟုတ်ပါ။ ကျွန်တော် ဘောလုံးကစား၊ အားကစားလိုက်စားပြီး သီချင်းရေးပါတယ်။ သီချင်းများစွာ အောင်မြင်မှုရခဲ့ပါတယ်။ ယနေ့အထိ ကိုယ်တိုင် ရေး/တီး/ဆို/ဖမ်း/ ထုတ်လုပ်လျက် ရှိပါတယ်။

အနုပညာသမားကြီးငယ်များ အနုပညာလိုက်စားသူများ မူးယစ်ဆေး မသုံးကြဖို့နဲ့ လိုလည်း မလိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ပါတယ်။ မူးယစ်ဆေး ရောင်းဝယ် သုံးစွဲကြသူများကို ထိရောက်စွာ ဖမ်းဆီး အရေးယူတဲ့အခါ ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်နိုင်ကြပါစေ။ လူငယ်များ မူးယစ်ကင်းစင်နိုင်ကြပါစေ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ဆောင်းဦးလှိုင်က လက်ရှိအချိန်မှာ ပြည်ပမှာ နေထိုင်လျက်ရှိပြီး မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ လူအများ စိတ်ဓာတ်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖျော်ဖြေရေးအလုပ်တွေအတွက် ဂီတနဲ့ ဗီဒီယိုတွေကို မေတ္တာနဲ့ ဖန်တီးပေးနေတာ ဖြစ်ပါတယ်။

Ref: Song Oo Hlaing’s Facebook
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top