ရန်ကုန်၊ ဇူလိုင် (၂၂)
မြန်မာနိုင်ငံမှာ ပြင်းထန်ဆိုးရွားတဲ့ ကူးစက်မှုတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အကန့်အသတ်နဲ့သာ ရနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ ကူးစက်ပျံ့နှံ့မှုဟာ ယခုအတိုင်းဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် မကြာခင်အချိန်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်တခုလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျော်လွန်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဆေးရုံ၊ ဆေးပေးခန်းတွေကို သွားရောက်နိုင်မှုဟာလည်း အလွန်ခက်ခဲနေတဲ့အတွက် အရေးကြီးကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့နဲ့ Covid-19 ဆေးထိုးနှံနိုင်ဖို့ဟာ အရေးတကြီးလုပ်ဆောင်ရမယ့် ဦးစားပေးလုပ်ငန်းတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။
ရင်းမြစ်ရှားပါးမှု၊ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်ရှိမှု စတဲ့ အခက်အခဲတွေကြားက လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူတွေဟာ COVID-19 စစ်ဆေးရေးလုပ်ငန်း၊ အမြဲတမ်းကြည့်ရှုစောင့်ကြည့်ခြင်းလုပ်ငန်း၊ ကုသရေးစင်တာတွေ ထူထောင်ရေးလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နိုင်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး အနေနဲ့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဇူလိုင် (၁၂) ရက်ကနေ (၁၈) ရက်နေ့အတွင်းမှာ ကိုဗစ်ရောဂါဖြစ်ပွားသူ (၃၂,၀၂၃) ဦးရှိခဲ့ပြီး ဖြစ်ပွားနှုန်း ၃၅.၂ ရာခိုင်နှုန်းရှိနေပါတယ်။လွန်ခဲ့တဲ့တစ်ပတ်အတွင်း ရန်ကုန်၊ ပဲခူးနဲ့ စစ်ကိုင်တိုင်းဒေသကြီးတွေမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူအများအပြားတွေ့ရပါတယ်။
Photo- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Cherry(ရိုးရာလေး)