အသက်ကြီးရင့်တဲ့ခန္ဓာကိုယ်မျိုးဖြစ်နေတဲ့ ဆယ်ကျော်သက် အသက် ၁၈ နှစ် မှာ သေဆုံး

17-7-2021-yyl-29.jpg

ရှားပါးမျိုးရိုးဗီဇရောဂါတစ်မျိုးကို ခံစားခဲ့ရတဲ့ ဆယ်ကျော်သက်လေးကတော့ အသက် ၁၈ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ အာရှန်တီ စမစ် (Ashanti Smith) ဆိုတဲ့ အဲဒီကောင်မလေးဟာ Hutchinson Gilford Progeria Syndrome လို့ ခေါ်တဲ့ အရွယ်မတိုင်ခင် မြန်မြန်ဆန်ဆန် အိုမင်းရင့်ရော်တဲ့ ရောဂါအခြေအနေနဲ့ နေထိုင်ခဲ့ရပြီးတဲ့နောက် ဇူလိုင်လ ၁၇ ရက်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူက အသက် ၁၄၄ နှစ်အရွယ်ပုံစံမျိုးဖြစ်နေပေမဲ့ သူ မသေဆုံးခင်ထိ တက်နိုင်သလောက် အခြားသူတွေလိုပဲ သာမန်ဘဝနဲ့ နေထိုင်ခဲ့တာပါ။

အာရှန်တီရဲ့မိခင် ဖိုဘီ လူးဝစ် စမစ် (Phoebe Louise Smith) က “အာရှန်တီရဲ့ဘဝက ပျော်စရာကောင်းခဲ့ပါတယ်။ သူ့ရဲ့ရောဂါအခြေအနေက သူ့ရဲ့လှုပ်ရှားနိုင်မှုကို သက်ရောက်စေခဲ့ပေမဲ့ အခြားအရာတွေကိုတော့ အကျိုးသက်ရောက်စေခဲ့ခြင်းမရှိပါဘူး။ သမီးလေးက ဉာဉ်ကောင်းတဲ့ ၁၈ နှစ် အရွယ်ကောင်မလေးဖြစ်ခဲ့ပြီး သမီးလေးနဲ့ပတ်သက်သမျှအရာတိုင်း ကျွန်မ ချစ်မြတ်နိုးခဲ့ပါတယ်။ သူက ထူးခြားပါတယ်။ သူ့စိတ်ထဲမှာ ပြောနေတာတွေကို လူတိုင်းခံစားမိခဲ့ကြပါတယ်။ နေ့တိုင်း ကိုယ့်ကိုယ်ကို လှပတယ်လို့ ခံစားရအောင် ကျွန်မလုပ်ပေးခဲ့တယ်။ လူတိုင်းကလည်း သမီးလေးကို ချစ်မြတ်နိုးခဲ့ကြပါတယ်။ သူ့ကို လူတိုင်း ချစ်မြတ်နိုးအောင်လည်း လုပ်ခဲ့တယ်” လို့ ဆိုပါတယ်။

“သမီးလေး သေဆုံးခဲ့တဲ့ နေ့က လျှောက်သွားတယ်။ KFC စားတယ်။ ပန်းခြံတစ်လျှောက် လည်ပတ်တယ်။ အားလုံးအဆင်ပြေတယ်။ အဲဒီနောက်မှာတော့ ရုတ်တရက်ဆိုသလိုပဲ ဖြစ်ပျက်သွားခဲ့တယ်။ နာရီဝက်လောက်အတွင်းမှာပဲ။ သမီးလေး ခံစားနေခဲ့ရပေမဲ့ “မာမီ..ချစ်တယ်။ သမီးကို သွားခွင့်ပြုရတော့မယ်”လို့ ပြောခဲ့တယ်” လို့ အာရှန်တီရဲ့မိခင်က ပြောပါတယ်။ အာရှန်တီက သူ့ရဲ့အဖေ၊အမေနဲ့ မိဘတွေရဲ့သူငယ်ချင်းတစ်ဉီးတို့ သူ့ဘေးမှာ ရှိနေစဉ်မှာပဲ သေဆုံးသွားခဲ့တာပါ။ အာရှန်တီရဲ့ရောဂါအခြေအနေက သူ့ကို အဆစ်ရောင်ရောဂါနဲ့ နှလုံးရောဂါ၊ နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ရောဂါတွေ ဖြစ်စေခဲ့ပါတယ်။ အာရှန်တီက ရုတ်တရက် နှလုံးစွမ်းဆောင်ရည်ကျသွားခဲ့ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဖိုဘီက သူ့သမီးလေးရဲ့နာရေးကို ကောင်းကောင်းလေးလုပ်ပေးချင်ခဲ့တာပါ။ အဖြူရောင်မြင်း (၄) ကောင်၊ ငှက်မွေးတောင်တွေ၊ LGBTQ Pride အလံတွေ၊ အာရှန်တီက ကေပေါ့အဖွဲ့ BTS ရဲ့ဖန်အကြီးစားဖြစ်ခဲ့တဲ့အတွက် BTS အမှတ်တရတွေနဲ့ နာရေးအခမ်းအနားကို ကျင်းပပေးဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါကြောင့် ဖိုဘီလုပ်ပေးချင်တဲ့ အာရှန်တီရဲ့နာရေးအတွက် ရန်ပုံငွေတချို့ရရှိဖို့ JustGiving Page ကို ဖန်တီးခဲ့ပါတယ်။

အာရှန်တီက ဂုဏ်ယူရဆုံးကောင်မလေးဖြစ်ခဲ့တယ်။ Gay အဖွဲ့အစည်းကိုလည်း လက်ခံတယ်။ ကေပေါ့အဖွဲ့ BTS ကိုလည်း ကြိုက်ခဲ့တယ်လို့ အာရှန်တီ့မိခင်ရဲ့ပြောစကားအရ သိရပါတယ်။

Ref: Ladbible “‘Benjamin Button’ Teen With Body Of 144-Year-Old Dies Aged Just 18”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top