တပ်မတော်သားတွေကို မဲပေးတာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားခြင်းမရှိ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတယ်လို့ဆို

105011708_3222757101100853_4935518874300569588_o.png

တပ်မတော်သားတွေကို မဲပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကန့်သတ်ထားတာမရှိဘဲ သူတို့ရဲ့ စိတ်ဆန္ဒအရ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

”တပ်မတော်သားတွေကို ဘယ်ပါတီကို မဲပေးပါ၊ ဘယ်ပါတီကို မဲမပေးပါနဲ့ဆိုတာမျိုးတွေ ကန့်သတ် ထားတာမရှိဘူး။ သူတို့ရဲ့ စိတ်ဆန္ဒ၊ သူ့တို့ရဲ့ စိတ်သဘောထားအရ လွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိပြီးဖြစ်ပါတယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါပေမဲ့ တပ်မတော်ဟာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အပြင် ဝန်ထမ်းအဖွဲ့အစည်းလည်း ဖြစ်တဲ့ အတွက် တပ်တွင်းမှာတော့ မဲဆွယ်စည်းရုံးဖို့ ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလအတွင်းမှာ ကျင်းပသွားဖို့ရှိပြီး ဒီရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် တပ်မတော်က ကူညီနိုင်တာမှန်သမျှ ကူညီပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ တပ်မတော်သားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ တပ်တွင်းမဲရုံတွေ မှာသာ မဲပေးခဲ့ကြရတာဖြစ်ပေမယ့် အခုကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တပ်ပြင်မဲရုံတွေမှာသာ မဲပေး ကြရတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာထားချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအရေအတွက် ၃၇ သန်းခန့်ရှိပြီး တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးမယ့်စာရင်းကိုတော့ လက်ရှိအချိန်မှာ ပြုစုဆဲပဲရှိသေးတယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top