“Love Myself” ကမ်ပိန်းကြောင့် ၂၀၂ဝပြည့်နှစ် UNICEF Inspire Award ကို ရရှိခဲ့တဲ့ ကေပေါ့စ်အဖွဲ့ BTS

23-6-2020-yyl-020.jpg

တစ်ကမ္ဘာလုံးက ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ ကမ္ဘာကျော်ကေပေါ့စ်အဖွဲ့ BTS ဟာ သူတို့ရဲ့ကမ်ပိန်း “Love Yourself” ကြောင့် UNICEF ကပေးအပ်တဲ့ UNICEF Inspire Award ကို ရရှိခဲ့ပါတယ်။ ဒီသတင်းကို မနေ့က ဇွန်လ ၂၂ ရက်နေ့မှာ UNICEF က BTS အဖွဲ့ကို အဲဒီဆု ချီးမြှင့်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ BTS ရဲ့ “Love Myself” ကမ်ပိန်းကို ၂၀၁၇ခုနှစ်က စတင်ခဲ့ပြီး ကမ္ဘာ့တစ်ဝှမ်းက ကလေးတွေနဲ့ လူငယ်တွေ ညှင်းပန်းနှိပ်စက်ခံရမှုကို အဆုံးသတ်စေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

The Inspire Awards ဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတွေမှာ လွှမ်းမိုးမှုရှိခဲ့ဆုံး UNICEF ကမ်ပိန်းဆုအဖြစ် အသိအမှတ်ပြုထားတာပါ။ အခုနှစ်မှာတော့ နိုင်ငံ (၅၀) က ကမ်ပိန်း (၁၀၀) ကို ဆုအမျိုးအစား (၁၈) ခုအတွက် ထည့်စီစဉ်ပေးခဲ့ပါတယ်။ ဆုရရှိသူတွေကို တစ်ကမ္ဘာလုံးက UNICEF ဝန်ထမ်းတွေရဲ့ အွန်လိုင်းမဲစနစ်နဲ့ ဒိုင်လူကြီးတွေရဲ့အကဲဖြတ်မှုတို့ကို ပေါင်းပြီးတော့မှ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ UNICEF Korea ရဲ့အထွေထွေအတွင်းရေးမှူး လီဂီချူက “အခြားသူတွေကို ချစ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ချစ်ပေးဖို့လိုတယ်ဆိုတဲ့ BTSရဲ့ အမှာစကားက တစ်ကမ္ဘာလုံးမှာ အကောင်းမြင်စိတ်တွေ ဖြစ်လာအောင် ဖန်တီးပေးနေတာပါ။ BTS ဟာ ကမ္ဘာ့တစ်ဝှမ်းက ကလေးတွေနဲ့ လူငယ်တွေကို ရဲစွမ်းသတ္တိနဲ့ နှစ်သိမ့်မှုနှစ်ခုလုံးကို ပေးတဲ့အတွက် ဒီဆုက သူတို့ရဲ့ကောင်းတဲ့ လွှမ်းမိုးမှုရဲ့ရလဒ်ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

“ကိုရီးယားလူမျိုး တစ်ယောက်အနေနဲ့ သူတို့ ဒီဆုကို လက်ခံရရှိခဲ့တဲ့အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ UNICEFရဲ့ #ENDviolence Campaign ကို အမြဲပံ့ပိုးပေးခဲ့အတွက် BTS နဲ့ Big Hit Entertainment ကို နောက်တစ်ကြိမ်ကျေးဇူးတင်ပါတယ်”လို့ လီဂီချူက ဆက်လက်ပြောကြားခဲ့ပါတယ်။

၂၀၁၈ခုနှစ် စက်တင်ဘာလတုန်းက BTSအဖွဲ့က မျိုးဆက်သစ်လူငယ်တွေကို သူတို့ရဲ့အတွင်းစိတ်ကို နားထောင်ဖို့နဲ့ သောက၊ဖိအားတွေကို ခုခံဖို့ အမေရိကန်နိုင်ငံ၊ နယူးယောက်ခ်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။ “မင်းက ဘယ်သူပဲဖြစ်ဖြစ်၊ မင်းက ဘယ်နေရာကလာတဲ့ သူပဲဖြစ်ဖြစ်၊ မင်းအသားရောင်က ဘယ်လိုပဲဖြစ်ဖြစ်၊ မင်း မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ သင့်ကိုယ့်ကိုယ့်ကိုယ် ချစ်ပါ”လို့ BTS ရဲ့အဖွဲ့ခေါင်းဆောင် RM က ပြောပါတယ်။

၂၀၁၇ခုနှစ် နိုဝင်ဘာမှာ စတင်ခဲ့တဲ့ “Love Myself” ကမ်ပိန်းက ကမ္ဘာတစ်ဝှမ်းက ကလေးတွေနဲ့ လူငယ်တော်တော်များများရဲ့ နှလုံးသားကို နှစ်သိမ့်မှုပေးနိုင်ခဲ့ပါတယ်။ BTSရဲ့ကမ်ပိန်းအမှာစကားလေးက ကလေးတွေနဲ့ လူငယ်တွေကို လွှမ်းမိုးမှုပေးနိုင်ခဲ့ပါတယ်။ “Love Myself” ကမ်ပိန်းရဲ့စာသားလေးက “အခြားသူတွေကို တကယ်ချစ်ခြင်းမေတ္တာ ဖြန့်ဝေပေးနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ”ဆိုတာပါပဲ။

Ref: BTS’ Love Myself campaign wins 2020 UNICEF Inspire Award

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top