ထိုင်းနိုင်ငံမြေပုံအတိုင်း မုန့်ဖုတ်ခဲ့လို့ ထိုင်းလူမျိုးတွေ ချီးကျူးခဲ့ရတဲ့ ဂျပန်ကျောင်းသူလေး

23-6-2020-yyl-032.jpg

တိုင်းတပါးမှာ အချိန်အကြာကြီးနေထိုင်ရင် အဲဒီနိုင်ငံအကြောင်း တော်တော်လေးသိသွားကြမယ့်အပြင် အဲဒီနိုင်ငံက ဒေသနဲ့မြို့နာမည်တွေကိုလည်း သိသင့်သလောက် သိသွားမယ်ထင်ပါတယ်။ အဲဒီလိုပဲ ဂျပန်လူမျိုးကျောင်းသူလေးက ထိုင်းနိုင်ငံမှာ (၈) နှစ်ကြာနေထိုင်ပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံအကြောင်း သိသင့်သလောက်သိသွားခဲ့ပါတယ်။ သူဟာ ထိုင်းနိုင်ငံမြေပုံ ပုံစံ ကွတ်ကီးတွေကို ဖုတ်ခဲ့တဲ့အတွက် ထိုင်းလူမျိုးအင်တာနက် အသုံးပြုသူတွေရဲ့ ချီးကျူးစကားတွေကို ရရှိခဲ့ပါတယ်။

@InfoFromThailand ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်က ထိုင်းနိုင်ငံမြေပုံ ပုံစံ ကွတ်ကီးတွေ ပြုလုပ်ထားတဲ့ပုံကို ဇွန်လ ၁၉ ရက်နေ့က မျှဝေခဲ့ပြီးတဲ့နောက်မှာ ထိုင်းအင်တာနက် အသုံးပြုသူတွေက မြင်တွေ့သွားခဲ့ပါတယ်။ သူ့ရဲ့ထိုင်းနိုင်ငံမြေပုံကွတ်ကီးတွေက အင်တာနက်အသုံးပြုသူတွေကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက် အမည်မသိဂျပန်ကျောင်းသူလေးက ဘာမှမပြင်ဆင်ခဲ့ရပေမယ့် ဂျပန်နိုင်ငံမြေပုံ ပုံစံမုန့်ဖုတ်ခဲ့တဲ့ တွစ်တာအသုံးပြုသူတစ်ယောက်ကြောင့် ရုတ်တရက် ပြုလုပ်ဖြစ်ခဲ့တာဖြစ်တယ်လို့ Coconuts Bangkok သတင်းဌာကို ပြောခဲ့ပါတယ်။ ထိုင်း မြေပုံမှာပါတဲ့ သက်ဆိုင်ရာပြည်နယ် ၊မြို့တွေအတွက် မုန့်တစ်ခုချင်းစီကို ပုံဖော်ဖုတ်လုပ်ဖို့အတွက် (၇) နာရီအချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းအင်တာနက်အသုံးပြုသူတွေက သူ့ရဲ့လက်ရာကို ကြိုက်နှစ်သက်ကြောင်းနဲ့ သူတို့နေထိုင်ရာပြည်နယ်တွေကို ထောက်ပြခဲ့ကြပါတယ်။ အင်တာနက်အသုံးပြုသူတစ်ဦးက ဒီထိုင်းမြေပုံကွတ်ကီးကို “ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိလိုက်တာ၊ နေထိုင်တဲ့နေရာကနေ နှုတ်ခွန်းဆက်လိုက်ပါတယ်”လို့ ပြောပါတယ်။ မြေပုံကွတ်ကီးလုပ်ထားတာက တိကျတဲ့အတွက်လည်း တချို့သူတွေက သူ့ကို ချီးကျူးခဲ့ကြတာပါ။ ဒါပေမဲ့ မြေပုံတစ်ဝိုက်မှာ အနားသတ်တွေမချောတာ အနည်းငယ်ရှိပေမယ့် ဘယ်သူကမှ အပြစ်မမြင်ခဲ့ကြပါဘူး။ တကယ်တော့ မြေပုံနဲ့တူအောင် မုန့်ဖုတ်ရတာက လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီလောက်တူအောင်ကို ပြုလုပ်နိုင်တာ အံ့သြစရာပါပဲ။

သူက ဖူးခက်နဲ့ ဖန်ညာတို့လို ပြည်နယ်တွေကို ခွဲခြားထားဖို့ အရမ်းသေးငယ်လွန်းတာကြောင့် အဲဒီပြည်နယ်တွေကို မခွဲလိုက်ရဘူးလို့ ဝန်ခံထားပါတယ်။ ဒါပေမဲ့ အင်တာနက်အသုံးပြုသူတွေက သူ့ကို မကောင်းမပြောခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ ကွတ်ကီးတွေကို စားပစ်လိုက်ကြပါပြီ။ လတ်တလောမှာတော့ သူက မုန့်ဖုတ်ဖို့ အစီအစဉ်မရှိသေးပေမယ့် သူ့ကို အကြံပြုချက်တွေပေးဖို့တော့ အင်တာနက်အသုံးပြုသူတွေကို ပြောထားပါတယ်။ လက်ရှိမှာတော့ တင်ထားတဲ့ပို့စ်က Retweet လုပ်သူ 13.4 k နဲ့ Like လုပ်သူ 9.3k ရှိနေပါတယ်။

ဂျပန်ကျောင်းသူလေးက သူ နေထိုင်နေတဲ့နေရာကို နှစ်သက်ကြောင်း စိတ်ကူးဉာဏ်ကောင်းကောင်းနဲ့ ပြသလိုက်တာဖြစ်ပါတယ်။ ထိုင်းမြေပုံပုံစံမုန့်လုပ်ဖို့ အချိန်အကြာကြီးယူရပေမယ့် လျင်လျင်မြန်မြန်နဲ့ ထိုင်းလူမျိုး အင်တာနက်အသုံးပြုသူတွေရဲ့အားပေးမှုကို ရရှိခဲ့တဲ့အပြင် အမှတ်တရကောင်းတွေ ကျန်ရှိနေစေခဲ့ပါတယ်။

Ref: Japanese Expat Student Bakes Map of Thailand, Thai Netizens Impressed By Accuracy

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top