အလုပ်စဝင်ရတဲ့နေ့မှာ အားလုံးအဆင်ပြေနေအောင် ဘာတွေလုပ်ရမလဲ

47151177_2263816290503531_8731322690591260672_n.jpg

နောက်ဆုံးနှစ်တက္ကသိုလ်စာမေးပွဲတွေ ဖြေပြီးပြီ။ အလုပ်စဝင်ဖို့ စိုင်းပြင်းနေပြီ။ အလုပ်လည်း ရလာပြီဆိုပါတော့။ အလုပ်ဝင်ရမယ့် ပထမဆုံးနေ့အတွက် စိတ်လှုပ်ရှားနေပြီး ဘာလုပ်ရမလဲမသိသေးရင် အောက်ကအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။

– စောစောသွားမယ်။ ကားတွေကျပ်တာလည်း သိတယ်။ မနက်မထနိုင်တာလည်း ဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီတစ်ရက်ကိုတော့ သေချာ စောစောသွားသင့်တယ်။ ဒီလို ပထမဆုံးနေ့မှာမှ ရုံးနောက်ကျနေရင် သူဌေးရော၊ အထက်လူကြီးရော၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့အမြင်မှာပါ မကောင်းပါဘူး။

– မေးခွန်းတွေမေးဖို့ပြင်ထားပါ။ ကုမ္ပဏီတိုင်းက လုပ်ထုံးလုပ်နည်း တစ်မျိုးတစ်ဘာသာစီဖြစ်တဲ့အတွက် သူတို့ရဲ့အလုပ်သဘောတွေ၊ ကုမ္ပဏီနောက်ခံတွေ အကြောင်းမေးပါ။ လိုအပ်ရင် ချရေးပြီး လိုက်မှတ်ပါ။ အရမ်းလည်း အများကြီးမေးစရာမလိုပါဘူး။

– လုပ်ဖော်ကိုင်ဖက်အသစ်တွေကို ပြောဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ၁၅ စက္ကန့်စာ မိတ်ဆက်နိုင်ဖို့ပြင်ထားပါ။ အခုမှ စဝင်မယ့်လူသစ်လးဆိုရင် ကိုယ့်ကျောင်းအကြောင်း၊ မေဂျာ အကြောင်း၊ ကိုယ်ဘာရာထူးနဲ့ဝင်လာတယ်ဆိုတဲ့အကြောင်း နည်းနည်းပါးပါး စကားစမြည် ပြောလို့ရတာပေါ့။

– သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေးတွေ၊ ရာထူးအဆင့်ဆင့်တွေကို တီးမိခေါက်မိရှိအောင်လုပ်ပါ။ တစ်နေ့ ၈/၉နာရီ မြင်နေရမယ့် ဒီလူတွေဟာ ကိုယ်ဒီအလုပ်မှာ အဆင်ပြေဖို့အတွက် အများကြီးအရေးပါတယ်။ ရာထူးတက်ချင်တယ်။ အလုပ်မှာ စိတ်ချမ်းသာချင်တယ်ဆိုရင် အားကိုးရတဲ့ မှန်ကန်တဲ့ လုပ်ဖော်ကိုင်ဘက်တွေကို ရွေးပေါင်းထားဖို့လိုပါလိမ့်မယ်။ ဘယ်သူက ဘယ်သူ့ကို report တင်ရတယ် အစရှိတာတွေပါ သိထားသင့်ပါတယ်။

– နေ့လည်စာစားဖို့ခေါ်ရင် လိုက်သွားပါ။ အမေက အိမ်က ထမင်းချိုင့် ထည့်ပေးချင်ထည့်ပေးလိုက်လိမ့်မယ်။ ဒါပေမဲ့ သူဌေး (သို့) လုပ်ဖော်ကိုင်ဘက်တွေက ခေါ်တယ်ဆိုရင် လိုက်သွားသင့်ပါတယ်။ ဒါမှ သူတို့နဲ့ပိုရင်းနှီးဖို့ အခွင့်အရေးရသလို သူတို့နဲ့တစ်သားတည်း ဖြစ်နိုင်တယ်ဆိုတာကိုလည်းပြနိုင်တာပေါ့။

– နားထောင်ပါ။ ပတ်ဝန်းကျင်ကိုလေ့လာပါ။ အလုပ်စဝင်တဲ့ပထမဆုံးရက်တွေမှာ လူတွေကို တွေ့မယ်။ ပြုံးပြုံးလေးနေမယ်။ သူတို့ပြောတာနားထောင်တာနဲ့တင်အဆင်ပြေပါတယ်။ အစည်းအဝေးခန်းထဲမှာ အထက်လူကြီး (သို့) လုပ်ဖော်ကိုင်ဘက်တွေနဲ့အပြိုင် ကိုယ့်အမြင် သူ့အမြင်ကို အော်ဟစ် ငြင်းခုံတင်းမာရမယ့် အချိန်မဟုတ်သေးပါဘူး။ သူဌေးရဲ့ဒီကုမ္ပဏီအတွက် ရည်မှန်းချက်က ဘယ်လို၊ အရေးကြီးတဲ့ပရောဂျက်တွေက ဘာတွေ၊ ဆုံးဖြတ်ချက်တွေချရင် ဘယ်သူ့ရဲ့ခွင်ပြုချက်လိုတာလဲ ဆိုတာတွေကို သိရှိနိုင်ဖို့နားစွင့်ထားပါ။

– လုပ်ရမယ့် အလုပ်တွေကို သေသေချာချာချရေးပြီးလိုက်မှတ်ပါ၊ ပထမဆုံးနေ့မှာ များသောအားဖြင့် ကိုယ့်ရဲ့အထက်လူကြီးက ဘာတွေလုပ်ရမလဲ၊ ဘယ်လို report တင်ရမယ်။ ဘာ software တွေသုံးရမယ် ဆိုတာကို ပြောတဲ့အခါ ဂဃဏန သိအောင်လုပ်ထားပါ။ နောင်တစ်ချိန်လစာတိုးဖို့ ကိုယ့်အရည်အချင်းကို အကဲဖြတ်တဲ့အခါ သူပြောတဲ့အချက်တွေကို ကောင်းကောင်းမွန်မွန်ပြုလုပ်နိုင်ခြင်းက အရေးပါလာပါလိမ့်မယ်။

– ရုံးခန်းအတွင်းက ချမရေးထားပေမဲ့ သိနေရမယ့် အသံတိတ်စည်းမျဉ်းတွေကိုပါ အကဲခတ်ထားပါ။ ဥပမာ မီးဖိုခန်းမှာထားတဲ့ပစ္စည်းတွေကို ကိုယ့်စားပွဲပေါ်မယူရတာမျိုး ဒါမှမဟုတ် စားပွဲပေါ်မှာ tissue box ပဲထားရမယ်။ tissue လိပ်တင်တာကို မကြိုက်တာမျိုး စတဲ့ အသေးအမွှားကိစ္စတွေ၊ မပြောပေမဲ့ မလုပ်ရဘူးလို့ တစ်ရုံးလုံးနီးပါးသိနေတဲ့အရာတွေကို အကဲခတ်နိုင်သလောက် ရအောင်လုပ်ပါ။

– ဖုန်းကို silent ထားမယ်။ အထက်အရာရှိက ကိုယ့်ကို ရှင်းပြနေတယ်။ အဲဒါကို ကိုယ့်ဖုန်းက ringtone အကျယ်ကြီးထမြည်လာမယ်ဆို ဒါက ပက်ပက်စက်စက်ဂွမ်းတာပေါ့။ ရုံးရောက်ကတည်းက ဖုန်းကို silent လုပ်ထားပါ။

– နောက်ဆုံးအနေနဲ့အေးအေးဆေးဆေးနေ၊ စိတ်လျှော့ထားပါ။ ပထမဆုံးရက်မှာ တချို့လုပ်ငန်းဆောင်တာတွေမလုပ်တတ်လို့ ဘယ်သူမှ အပြစ်မမြင်ပါဘူး။ အပေါ်ကအချက်တွေ အကုန်လုံးမလုပ်မိလို့လည်း အရမ်းကြီး စိတ်မပူပါနဲ့။ အဆင်ပြေသွားမှာပါ။ ဒီလိုဖြစ်တာ ငါတစ်ယောက်တည်း မဟုတ်ဘူးလို့ပဲ စိတ်ထဲထားလိုက်ပါ။

လုပ်ငန်းခွင်စဝင်ရတော့မယ့်သူတွေအားလုံးအနေနဲ့ အပေါ်ကအချက်တွေ မှတ်သားကျင့်သုံးရင်း အဆင်ပြေနိုင်ကြပါစေ။

Ref: Business Insider “Things you should do on your first day of work”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top