နောက်ဆုံးကျန်ရှိနေတဲ့ အသက်အကြီးဆုံး ဖိလစ်ပိုင် ရိုးရာ တတ်တူးပညာရှင် အမျိုးသမီး

7-7-2020-yyl-023.jpg

ဝါအန် အက် အိုဂေး အမည်ရတဲ့ အသက် (၁၀၃) နှစ်အရွယ်အဘွားဟာ ဖိလစ်ပိုင်နိုင်ငံမှာ အသက်အကြီးဆုံး တက်တူးပညာရှင်တစ်ယောက်ပါ။ အဘွားဝါအန်က ဖိလစ်ပိုင်မြောက်ပိုင်း၊ ကာလင်ဂါတောင်တန်းဒေသမှာ နေထိုင်ပြီး နောက်ဆုံးကျန်ရစ်နေတဲ့ ဖိလစ်ပိုင်ရိုးရာတတ်တူးပညာရှင် လည်းဖြစ်ပါတယ်။ ဒီတက်တူးပညာရှင်က ဖိလစ်ပိုင်နိုင်ငံမှာသာမက အခြားနိုင်ငံတွေမှာလည်း လူသိများပါတယ်။ နိုင်ငံတစ်ဝှမ်းက လူတွေက အဘွားဆီကို လာပြီး တက်တူးထိုးလေ့ရှိပါတယ်။ နိုင်ငံခြားခရီးသွားတွေနဲ့ အခြားလာရောက်လည်ပတ်သူတွေက အဘွားဆီလာဖို့ဆိုရင် မနီလာကနေ (၁၅) နာရီလောက် ကားမောင်းလာရပြီး တောင်တွေကိုတက်၊ တောတွေကို ဖြတ်ကာ ခက်ခက်ခဲခဲလာရောက်ရတာဖြစ်ပါတယ်။

အဘွားဝါအန်က ရိုးရာတတ်တူးဓလေ့ကို ထိန်းသိမ်းတဲ့ နောက်ဆုံးကျန်ရှိနေတဲ့သူဖြစ်တဲ့အတွက် လူတွေက သူ့ကို လေးစားကြပါတယ်။ ဖိလစ်ပိုင်ရိုးရာတတ်တူးထိုးပေးဖို့အတွက် အဘွားဝါအန်က ကျွဲကောသီးပင်က ဆူး၊ ခြေထောက်လောက်ရှည်တဲ့ဝါးတုတ်၊ မီးသွေး၊ ရေတို့ကို အသုံးပြုပါတယ်။ ဆူးနဲ့ ဝါးတုတ်တို့ကို အသုံးပြုပြီး သူကိုယ်တိုင်ပြုလုပ်တဲ့မင်နဲ့ အသားထဲထိနစ်ဝင်အောင် ထိုးပေးပါတယ်။ အဘွားထိုးပေးတဲ့တက်တူးတွေက အမြဲစွဲနေပြီး မပျက်ပါဘူး။ တက်တူးတွေက လိုင်းအမျိုးမျိုးဖော်တာကစပြီး ရိုးရှင်းတဲ့ပုံစံတွေအထိ ခွန်အားလိုအဓိပ္ပာယ်တွေပါအောင် ဆွဲပေးပါတယ်။

ဟိုအရင်တုန်းက တိုက်ပွဲဝင်မယ့် အမျိုးသားတွေကိုသာ ရိုးရာတက်တူး ထိုးပေးကြတာဖြစ်ပါတယ်။ အခုတော့ ထိုးချင်တဲ့သူတိုင်း ရိုးရာတက်တူးကို ပုံစံအမျိုးမျိုးနဲ့ ထိုးလို့ရပါတယ်။ အဘွားဝါအန်က လူတွေကို တတ်တူးထိုးပေးလာခဲ့တာ နှစ် (၈၀) ကျော်နေပါပြီ။ ဒီရိုးရာတက်တူးဓလေ့ကို ဆက်လက်ထိန်းသိမ်းဖို့ အဓိကပြဿနာက ဒီရိုးရာတက်တူးထိုးခြင်းနည်းစနစ်ကို သွေးသားအရင်းခြားတွေကိုသာ လက်ဆင့်ကမ်း အမွေပေးနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ အဘွားဝါအန်က သားသမီးမရှိတော့ပေမယ့်လည်း ဒီရိုးရာတက်တူးထိုးနည်းကို ထိန်းသိမ်းဖို့အတွက် သူ့မြေးတွေကို လေ့ကျင့်ပေးထားပါတယ်။

“တက်တူးထိုးပေးတဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေအကုန်လုံး ဆုံးသွားကြပြီ။ ရိုးရာတက်တူးထိုးပေးဖို့ ကျွန်မတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်နေတာပါ။ ဒါပေမဲ့ နောက်ထပ်တက်တူးပညာရှင်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့အတွက် ဒီဓလေ့ထုံးစံပျောက်ပျက်သွားမှာကို ကျွန်မမကြောက်ပါဘူး”လို့ အဘွားက ပြောပါတယ်။ အသက်ရှည်ရှည်နေနိုင်တဲ့ သူ့ရဲ့လျှို့ဝှက်ချက်ကို မေးတဲ့အခါ “စည်သွပ်ဗူး၊ ဆီများတဲ့အစားအစာ၊ တာရှည်ခံတဲ့ အစားအစာတွေကို မစားဘူး။ အရွက်များတဲ့ ဟင်းသီးဟင်းရွက်နဲ့ ပဲအမျိုးမျိုးစတဲ့ အော်ဂဲနစ်အစားအစာတွေကိုသာ စားသုံးပါတယ်”လို့ အဘွားကပြောပါတယ်။

Ref: Boredpanda ‘This 103-Year-Old Woman Is The Last Filipino To Preserve Ancient Tattoo Tradition’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top