ရွှေတွင်းထဲမှာ ၂ ပတ်ကျော် ပိတ်မိနေတဲ့ တရုတ်မိုင်းလုပ်သား ၁၁ ယောက်ကို ကယ်တင်နိုင်ခဲ့

25-1-2021-yyl-02.jpg

မြေအောက်အနက် မီတာ ၅၀၀ ကျော်မှာ သီတင်းပတ် ၂ ပတ်ကြာ ပိတ်မိနေတဲ့ ရွှေတွင်း မိုင်းလုပ်သား ၁၁ ယောက်ကို တရုတ်နိုင်ငံ ကယ်ဆယ်ရေးသမားတွေက အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ ရုပ်သံမှတ်တမ်းအရ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက မျက်လုံးကို အလင်းရောင်မထိအောင် အကာအကွယ် ဝတ်ဆင်ပေးထားတဲ့ မိုင်းလုပ်သားတစ်ယောက်ကို မိုင်းတွင်းပေါ် ဆွဲတင်နိုင်ချိန်မှာ အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေ အော်ဟစ်အားပေးခဲ့ကြတာ တွေ့ရပါတယ်။

အဲဒီမိုင်းလုပ်သားက တော်တော်လေး အားနည်းနေတဲ့အတွက် ကုသမှုခံယူစေဖို့ ဆေးရုံတင်ပို့ခဲ့ပါတယ်။ သူ့ကို ကယ်တင်နိုင်ခဲ့ပြီး တစ်နာရီလောက်အကြာမှာတော့ မိုင်းတွင်းရဲ့ အခြားတစ်နေရာမှာ ပိတ်မိနေတဲ့ မိုင်းလုပ်သား ၁၀ ယောက်ကို ထပ်မံကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့အဖွဲ့ထဲမှာ မိုင်းလုပ်သားတစ်ယောက် ဒဏ်ရာရနေတယ်လို့ CCTV ရုပ်သံလိုင်းက ပြောပါတယ်။

ဇန်နဝါရီလ ၁၀ ရက်က ရှန်တုံပြည်နယ် ဟူရှန်းရွှေတူးဖော်ရေး မိုင်းတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဝင်ပေါက်ဥမင်လိုဏ်ခေါင်း ပြိုကျခဲ့ပါတယ်။ မိုင်းတွင်းပြိုကျချိန်မှာ မိုင်းလုပ်သား ၂၂ ယောက် ရှိနေခဲ့ပြီး တစ်ယောက်ကတော့ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာကြောင့် ကိုမာဝင်ပြီး သေဆုံးသွားခဲ့ပါတယ်။ နောက်ထပ် ၁၀ ယောက်ကတော့ ဘယ်နေရာမှာ ပိတ်မိနေလဲဆိုတာ မသိရသေးပါဘူး။ သူတို့ရဲ့ တည်နေရာကို သိရအောင် ကယ်ဆယ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမှာပါ။

အစောပိုင်းတုန်းက မြေအောက်အနက် မီတာ ၅၀၀ ကျော်မှာ ပိတ်မိနေတဲ့ မိုင်းလုပ်သားတွေဆီရောက်အောင် တွင်းပေါက်တူးချဲ့ရာမှာ မာကျောတဲ့ လိပ်သည်းကျောက်တုံးကြီး ပိတ်မိနေလို့ ၂ ပတ်ကျော်ကြာမှ ကယ်တင်နိုင်မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အဲဒီကျောက်တုံးကြီးက အောက်ဘက်ကို ပြုတ်ကျသွားခဲ့လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မြန်ဆန်ချောမွေ့ခဲ့တာပါ။

Ref: BBC ” China mine rescue: Eleven miners brought to surface alive “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top