နားကြပ်အသုံးပြုလွန်းတာက သင့်နားကို ဘယ်လို ထိခိုက်စေနိုင်သလဲ

17.12.2021yyl12.jpg

နည်းပညာက ကျွန်တော်တို့ရဲ့ဘဝတွေကို နည်းအမျိုးမျိုးနဲ့ လွယ်ကူအဆင်ပြေစေပါတယ်။ ဒါပေမဲ့ အလွန်အကျွံအသုံးပြုမိမယ်ဆိုရင်တော့ ကျန်းမာရေးဆိုင်ရာပြဿနာတွေ တိုးပွားလာစေနိုင်ပါတယ်။ လူတွေကို စိုးရိမ်မကင်းဖြစ်လာစေတဲ့ နည်းပညာရဲ့တစ်စိတ်တစ်ပိုင်းကတော့ နားကြပ်အသုံးပြုတာပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရ အရွယ်ရောက်ပြီးသားလူငယ် ၁.၁ ဘီလျံနီးပါးက ကျယ်လောင်တဲ့ဆူညံသံတွေနဲ့ ထိတွေ့မှုကြောင့် အကြားအာရုံဆုံးရှုံးနိုင်ခြေများတယ်လို့ သိရပါတယ်။

ဖြစ်နိုင်ခြေများတဲ့ အချက်တွေက ကလပ်တွေ၊ ဂီတဖျော်ဖြေပွဲတွေ၊ ဘားတွေက ကျယ်လောက်တဲ့ဂီတသံတွေပါပဲ။ အကြီးမားဆုံးအန္တရာယ်ကတော့ နားကြပ်ကတဆင့် သီချင်းနားထောင်တာပါပဲ။ အသက် ၃၅ နှစ်အောက် လူငယ်တွေက နားကြပ်သုံးပြီး သီချင်းနားထောင်ရတာ ကြိုက်ကြတဲ့အတွက် အဲဒီလိုလူတွေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးက သူတို့ရဲ့နားကြပ်တွေကို အသုံးပြုပြီး ကျယ်လောင်တဲ့သီချင်းတွေကို နားထောင်နေကြတယ်လို့ WHO အရ သိရပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ယာယီနားမကြားတာ (ဒါမှမဟုတ်) တစ်သက်လုံးအကြားအာရုံဆုံးရှုံးတာတွေ မဖြစ်ရအောင် နားကြပ်အသုံးပြုနေစဉ် ကြိုတင်ကာကွယ်မှုတွေပြုလုပ်ဖို့ အရေးကြီးပါတယ်။

နားကြပ်အသုံးပြုတာက နားကို ဘယ်လို ထိခိုက်စေနိုင်လဲ

အသံက အတွင်းနားထဲကို ရောက်ဖို့ အကြားအာရုံအရိုးကနေတဆင့် နားစည်ကနေ ဖြတ်သွားပါတယ်။ အဲဒီနောက် တုန်ခါမှုက အရည်နဲ့ပြည့်နေတဲ့၊ သေးငယ်တဲ့ အမွေးအမှင်တွေပါတဲ့ cochlea (နားအတွင်းရဲ့ အခေါင်းပေါက်) ဆီ ပျံ့နှံ့သွားပါတယ်။ တုန်ခါမှုက cochela ဆီရောက်တဲ့အခါ အရည်က တုန်ခါပြီး အမွေးအမှင်ကို လှုပ်ရှားသွားစေပါတယ်။ ဆူညံသံ ပိုကျယ်လေ တုန်ခါမှုက ပို အားကောင်းလေလေ၊ အမွေးအမှင်တွေကို ရွေ့လေလေပါပဲ။ ကျယ်လောင်တဲ့ တေးဂီတအသံတွေကို ကြာရှည်စွာ ဆက်တိုက်ထိတွေ့တာက အမွေးအမှင်ဆဲလ်တွေကို အသံတုန်ခါမှုနဲ့ပတ်သက်တဲ့ အာရုံခံနိုင်စွမ်း ဆုံးရှုံးစေပါတယ်။

ကျယ်လောင်တဲ့ တေးဂီတသံတွေက အမွေးအမှင်ဆဲလ်တွေကို ကွေးညွှတ်တာ (ဒါမှမဟုတ်) ခေါက်သွားတာတေါကို ဖြစ်စေကာ ယာယီအကြားအာရုံဆုံးရှုံးသွားစေနိုင်ပါတယ်။ သီချင်းကို အရမ်းကျယ်လောင်စွာ နားထောင်တဲ့အခါ အချိန်အကြာကြီး နားထောင်တဲ့အခါ နားမှာရှိတဲ့ အကြားအာရုံဆဲလ်တွေကို ပျက်စီးလာစေနိုင်ပါတယ်။ ဒါ့အပြင် နားကြပ်က နားက နားဖာချေးတွေကို နားအတွင်းထဲသလို တွန်းပို့ကာ ရောဂါပိုးတွေလည်းဖြစ်စေနိုင်ပါတယ်။

စောစောကပြောခဲ့သလိုပဲ နားကြပ်နဲ့ ကျယ်လောင်တဲ့သီချင်းတွေ နားထောင်တာက နားက ဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။ အကြီးမားဆုံး စိုးရိမ်စရာကတော့ ဒီဆဲလ်တွေက ပြန်လည်ရှင်သန်လာနိုင်စွမ်းမရှိပါဘူး။ ထိခိုက်ပျက်စီးသွားတဲ့အခါ ပြန်လည်ကောင်းမွန်လာနိုင်စွမ်းမရှိတဲ့အတွက် တစ်သက်လုံးအကြားအာရုံဆုံးရှုံးတာမျိုးဖြစ်လာနိုင်ပါတယ်။

နားကြပ်နဲ့ သီချင်းနားထောင်တာကြောင့် နားထိခိုက်မှုဖြစ်နိုင်ခြေကို ဘယ်လိုလျှော့ချမလဲ

Volume ကို လျှော့ပါ

အသံကို decibels လို့ခေါ်တဲ့ ယူနစ်တွေနဲ့ တိုင်းတာပါတယ်။ အသံက ၆၀ decibel အောက်ရှိရင် အကြာကြီး နားထောင်ရင်တောင် အကြားအာရုံထိခိုက်နိုင်ခြေနည်းပါတယ်။ ဒါပေမဲ့ ၈၅ decibel အထက် ကျယ်လောင်တဲ့အသံတွေကို ထပ်ခါထပ်ခါဖွင့်တာ၊ အကြာကြီးဖွင့်တာတွေက အကြားအာရုံဆုံးရှုံးစေနိုင်ပါတယ်။ ဖုန်းတွေက decibel ကို တိုင်းတာဖို့ ခက်ခဲတဲ့အတွက် နားထိခိုက်တာမျိုးမဖြစ်စေဖို့အတွက် Volume ကို ၅၀ ရာခိုင်နှုန်းထားဖို့နဲ့ သီချင်းနားထောင်ချိန်ကို လျှော့ချဖို့ပါပဲ။

Earphone ကို အသုံးမပြုပါနဲ့။ Headphone ကို အသုံးပြုပါ

Earphone နဲ့ He‌adphone ဝေါဟာရတွေကို မကြာခဏအပြန်အလှန်အသုံးပြုကြပေမဲ့ လက်တွေ့မှာ အဲနှစ်ခုက မတူညီကြပါဘူး။ နှစ်ခုလုံးက နားကြပ်ပေမဲ့ Earphone က နားနဲ့ အံကိုက်ဖြစ်တဲ့ သေးငယ်ပြီး မာကျောတဲ့ ပလက်စတစ် (သို့) ဆီလီကွန်ကိရိယာတွေပါပဲ။ Headphone ကတော့ နားအပေါ်ကနေ တပ်ရတဲ့ နားတစ်ခုလုံးကို ဖုံးထားတဲ့ ကိရိယာပါ။ Headphone က နားတွင်းက အသံနဲ့ နားစည်ကြား ကွာဟစေပါတယ်။

အနားပေးပါ

နားကြပ်နဲ့ အချိန်အကြာကြီး သီချင်းနားထောင်တာက နားတွေကို ထိခိုက်စေနိုင်တဲ့အတွက် သီချင်းကို နားနားပြီး နားထောင်ပေးပါ။ မိနစ် ၃၀ တိုင်း (၅) မိနစ် အနားပေးပါ။ (ဒါမှမဟုတ်) မိနစ် ၆၀ တိုင်း (၁၀) မိနစ်အနားပေးပါ။ နားကြပ်နဲ့ သီချင်းနားထောင်ရင် မိနစ် ၃၀ ကတောင် များလွန်းပါတယ်။ ဖြစ်နိုင်ရင် ခဏတဖြုတ်နားထောင်တာအကောင်းဆုံးပါပဲ။ နားကြပ်နဲ့ သီချင်းနားထောင်ရင် အပေါ်မှာ ပြောပြပေးထားတဲ့အရာတွေကို အမှတ်ရပါ။ အခြားသူနဲ့ နားကြပ်တစ်ခုတည်း အတူတူနားထောင်တာ၊ အတူတူသုံးတာမျိုးတွေမလုပ်ပါနဲ့။ နားအတွင်း ရောဂါပိုးတွေမဝင်အောင် နားကြပ်ကို နေ့တိုင်း ပိုးသတ်သန့်စင်ပေးသင့်ပါတယ်။

Ref: This is how excessive usage of earphones can harm your ears, as per study

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top