အရွယ်အစားကြီးတဲ့အတွက် ခွေးလို့အထင်မှားခံရတဲ့ ကြောင်လေး

26-2-2022-yyl12.png

တိရစ္ဆာန်တွေထဲမှာဆိုရင် ကြောင်တွေကလည်း လူတွေရဲ့နှလုံးသားကို ဖမ်းစားထားနိုင်ဖို့ အရမ်းအားစိုက်စရာမလိုပါဘူး။ ချစ်ဖို့ကောင်းတယ်ဆိုရင် လူမှုကွန်ယက်မှာ ချက်ခြင်း ပျံ့နှံ့သွားတော့တာပါပဲ။ အခုလည်း Maine Coons ကြောင်အမျိုးအစား ကဖာ (Kefir) ဆိုတဲ့ ကြောင်လေးဟာ ပုံမှန်ထက် အရွယ်အစားကြီးတာကြောင့် လူပြောများနေပါတယ်။

ကဖာက သူ့သခင် ယူလီ မီနင်နာ (Yulia Minina) နဲ့အတူ ရှရှားနိုင်ငံ၊ Stary Oskol မြို့ငယ်လေးမှာ နေထိုင်နေတာပါ။ ယူလီက ကဖာ ပေါက်စလေးကတည်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ကဖာ အသက် (၁) နှစ်နဲ့ (၁၀) လရှိနေပါပြီ။ ကဖာကို ကြောင်ဆိုင်က ဝယ်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့အမွေးတွေက အရမ်းလှပြီး အဖြူရောင်ဖြစ်တာကို သူတို့ ကြိုက်နှစ်သက်ခဲ့တယ်လို့ ယူလီက ဆိုပါတယ်။ ကဖာက ကြောင်စာ ကျွေးရင် ငြင်းဆန်တဲ့အတွက် အသားနဲ့ သဘာဝအစာတွေကိုသာ ကျွေးမွေးခဲ့ရပါတယ်။

ကဖာရဲ့အလေးချိန်က ၂၆.၅ ပေါင်ရှိပါတယ်။ အခု အရွယ်အစားက ကြီးပြီးသားဖြစ်ပေမဲ့ နောက်ထပ်ကြီးထွားလာမယ်လို့ ယူလီက မျှော်လင့်ထားပါတယ်။ “အသက် ၃ နှစ်ရောက်တဲ့အထိ ဆက်ပြီး ကြီးလာတာက Maine Coons ကြောင်အမျိုးအစားတွေအတွက် ပုံမှန်ပါပဲ” လို့ ယူလီက ဆိုပါတယ်။ ကဖာကို ပထမဆုံး မြင်တဲ့သူတွေက ခွေးလို့ အထင်မှားကြတယ်ဆိုတာကို “ကြောင်က ကြီးတဲ့အတွက် သူ့ကို အခြားသူတွေ မြင်တဲ့အခါ ဖြစ်သွားတဲ့အမူအရာက ရယ်စရာတော့ကောင်းပါတယ်။ တွေ့တွေ့ချင်း ကဖာကို ခွေးလို့ လူတော်တော်များများက ထင်ကြပါတယ်” လို့ ယူလီက ပြောပါတယ်။

ကဖာကို ထိန်းသိမ်းစောင့်ရှောက်ရတာရဲ့တစ်ခုတည်းသော အားနည်းချက်က အိမ်တစ်ဝိုက် ကဖာ လျှောက်သွားရင် ကြောင်မွေးအမြောက်အမြားကျန်နေခဲ့တာပါပဲ။ ဒါပေမဲ့ သူ့ကို မိသားစုဝင်တစ်ဉီးလို ဆက်ဆံပြီး ယူလီတို့မိသားစု ထမင်းစားတဲ့အခါ ကဖာက စားပွဲမှာ အတူတူထိုင်လေ့ရှိပါတယ်။ ညဘက် ယူလီ အိပ်တဲ့အခါ ကဖာက သူ့အပေါ် ခုန်တတ်တဲ့ အကျင့်ရှိပါတယ်။ “ကဖာ ငယ်ငယ်တုန်းက ဒီလိုမလုပ်ဘူး။ အခုတော့ ကြောင်က အရမ်းကြီးလာပြီး လေးတယ်။ အဲဒီလိုအိပ်ရတာ မလွယ်ဘူး”လို့ ယူလီက ဆိုပါတယ်။

ကဖာက ထက်မြက်တဲ့ကြောင်တစ်ကောင်ဖြစ်တယ်လို့လည်း ယူလီက ပြောပါတယ်။ ကဖာရဲ့ဓာတ်ပုံတွေကို အစစ်မဟုတ်ဘူးလို့ သံသယရှိနေကြတဲ့သူတွေကိုလည်း ယူလီက “Photoshop သုံးပြီး ပြုပြင်ထားတာမဟုတ်ပါဘူး “လို့ အခိုင်အမာပြောဆိုထားပါတယ်။

Ref: Boredpanda “This Maine Coon Cat Is So Big Many People Think That It’s A Dog At First”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top