ယူကရိန်းကို စစ်သည် ၈၅၀၀ စေလွှတ်နိုင်ဖို့ အမေရိကန် အသင့်ပြင်ဆင်ထား

24-2-2022-yyl10.jpg

ယူကရိန်းအရေး တင်းမာမှုမြင့်တက်နေချိန်မှာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ အမေရိကန်စစ်သည် ၈၅၀၀ ကို ချက်ချင်းစေလွှတ်နိုင်အောင် အဆင်သင့် စီစဉ်ထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ အမေရိကန်စစ်သည်တွေကို ယူကရိန်းနိုင်ငံထံ စေလွှတ်မလားဆိုတာ အပြီးသတ်ဆုံးဖြတ်ချက် ချရခြင်း မရှိသေးပါဘူး။ တကယ်လို့ နေတိုးမဟာမိတ်အဖွဲ့က တုံ့ပြန်လှုပ်ရှားရေးတပ်ဖွဲ့ အသုံးပြုဖို့ ဆုံးဖြတ်မယ်၊ ဒါမှမဟုတ် ရုရှားစစ်သည်တွေ တပ်စွဲထားတာနဲ့ပတ်သက်ပြီး တမျိုးမျိုးဖြစ်လာခဲ့မယ်ဆိုရင် စစ်သည်တွေကို စေလွှတ်မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းနယ်စပ်မှာ စစ်သည် ၁၀၀,၀၀၀ ကျော် ဖြန့်ကျက်ထားပေမဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့ အစီအစဉ်မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ ရုရှားနိုင်ငံက ကျူးကျော်လာရင် တုံ့ပြန်လှုပ်ရှားမယ့် ဘုံသဘောတူဗျူဟာ ရှာဖွေဖို့အတွက် ပြီးခဲ့တဲ့တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဥရောပမဟာမိတ်နိုင်ငံတွေနဲ့ ရုပ်သံမှတ်တမ်းကတစ်ဆင့် ဆွေးနွေးခဲ့ပါတယ်။ ဒိန်းမတ်၊ စပိန်၊ ပြင်သစ်နဲ့ နယ်သာလန်နိုင်ငံတွေအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတချို့က ဥရောပအရှေ့ပိုင်းမှာ ကာကွယ်ရေးစနစ်တွေ အားကောင်းစေဖို့ တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ စေလွှတ်ဖို့ စီစဉ်တာ (သို့မဟုတ်) စဉ်းစားတာတွေ လုပ်နေပါတယ်။

ပြီးခဲ့တဲ့အားလပ်ရက်မှာ ရှေ့တန်းခံစစ်အတွက် လက်နက်ခဲယမ်းတွေအပါအဝင် အမေရိကန်နိုင်ငံရဲ့ တန်ချိန် ၉၀ ရှိတဲ့ အထောက်အပံ့ပစ္စည်းတွေ ယူကရိန်းနိုင်ငံကို ဆိုက်ရောက်ခဲ့ပါတယ်။ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရ ရုရှားနိုင်ငံက ယူကရိန်းမြို့တော် ကိဗ်မြို့ကို လျှပ်တပြက်ထိုးစစ်ဆင်နွှဲဖို့ စီစဉ်နေတယ်လို့ ယူဆစရာရှိကြောင်း ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတိပေးခဲ့ပါတယ်။ ” ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရ ယူကရိန်းနယ်စပ်မှာ ရုရှားတပ်ရင်း ၆၀ ရှိနေပြီး ကိဗ်မြို့ကို လျှပ်တပြက်ထိုးစစ်ဆင်နွှဲဖို့ စီစဉ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါက ဘေးသင့်စေမယ့် ခြေလှမ်းတစ်ရပ်ဆိုတာ ခရင်မလင်နန်းတော်နဲ့ ရုရှားနိုင်ငံ ရှင်းရှင်းလင်းလင်းသိအောင် ကျွန်တော်တို့ လုပ်ရမှာပါ” လို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

Ref: BBC “Ukraine: US troops on high alert over stand-off “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top