COVID-19 ရောဂါကူးစက်နိုင်ချေမြင့်မားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု

8-6-2020-yyl-027.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ခဲ့ကတည်းက ကျွန်တော်တို့အားလုံးဟာ ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်တာ၊ လက်သန့်စင်ဆေးကြောတာ၊ Social Distancing အလေ့အကျင့်ကောင်း မွေးမြူတာတွေ လုပ်ဆောင်ကြရပါတယ်။ တချို့ဆိုရင် အပြင်ထွက်ရင် လက်အိတ်တောင်ဝတ်ဆင်ကြပါတယ်။ ဒါမှ လက်ဗလာနဲ့ ရောဂါပိုးရှိနိုင်တဲ့နေရာတွေကို သတိလက်လွတ်မထိမိမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အားလုံးဟာ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ဝင်ရောက်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် နှာခေါင်း၊ ပါးစပ်တွေကနေတဆင့် ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်မလာအောင် ကျွန်တော်တို့တွေက ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်နေကြပါတယ်။ ဒါပေမဲ့ နှာခေါင်း၊ ပါးစပ်တို့အပြင် ဗိုင်းရပ်စ်ဝင်ရောက်လာနိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ သင့်ရဲ့မျက်စိပါပဲ။ သင့်မျက်လုံးကို ကာကွယ်တာကလည်း နှာခေါင်းနဲ့ပါးစပ်တို့ကို ကာကွယ်ပေးရသလိုပဲ အရေးကြီးပါတယ်။ မျက်စိကိုလည်း ဘာလို့ လျစ်လျူရှုမထားသင့်လဲ၊ ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါနော်..။

လေ့လာချက်

မျက်လုံးအကာအကွယ် ဝတ်ဆင်တာကလည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုုကို နှေးကွေးသွားစေနိုင်တဲ့ နောက်ထပ်ခြေလှမ်း ဖြစ်နိုင်တယ်လို့ The Lancet ရဲ့လေ့လာချက်က ဆိုထားပါတယ်။ ဒီတွေ့ရှိချက်တွေကို နိုင်ငံ (၁၆) နိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုရော ကျန်းမာရေးစောင့်ရှောက်မှု မဟုတ်တဲ့နေရာတွေကပါ စမ်းသပ်ထားတဲ့ လေ့လာချက် (၁၇၂) ခုကို စနစ်တကျပြန်လည် သုံးသပ်ထားချက်တွေကနေ ယူထားတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က မျက်လုံးကနေတဆင့် ပျံ့နှံ့နိုင်တယ်ဆိုတဲ့ လေ့လာချက်ကို John Hopkins University က မေလက စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ မျက်လုံးကို ကာကွယ်တာက နှာခေါင်း၊ပါးစပ်တို့ကို ကာကွယ်ပေးရသလိုပဲ အရေးကြီးတယ်လို့ လေ့လာချက်က ပြောပါတယ်။

COVID-19 လူနာတစ်ယောက်က သင့်အနီးနားမှာ နှာချေ၊ ချောင်းဆိုးရင် ရောဂါပိုးအရည်တွေက သင့်မျက်လုံးမှာ သွားကပ်နိုင်ပြီး သင့်မျက်လုံးဆဲလ်တွေကနေ ထိုးဖောက် ဝင်ရောက်သွားနိုင်တယ်လို့ လေ့လာချက်က ဆိုပါတယ်။ မျက်လုံးကို ကာကွယ်ပေးတာက ကိုရိုနာဗိုင်းရပ်စ် ထိတွေ့နိုင်မယ့် အခွင့်အရေးကို ကန့်သတ်ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

နေကာ၊ face shield ၊ မျက်မှန်ဝတ်တာတွေက အကူအညီဖြစ်နိုင်တယ်လို့ The Lancet လေ့လာချက်အရသိရပါတယ်။ နေကာမျက်မှန်တွေကလည်း ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်တယ်လို့ the American Academy of Ophthalmology က ဆိုထားပါတယ်။

သတိပေးချက်

ပါးစပ်နှာခေါင်းစည်းကို သန့်စင်ပေးသလိုပဲ မျက်လုံးအကာအကွယ် ပစ္စည်းတွေကိုလည်း ပိုးသတ်သန့်စင်ပေးဖို့ မမေ့ပါနဲ့နော်။ မျက်လုံးအကာအကွယ် ပစ္စည်းတွေကို ဝတ်ဆင်ထားသလိုပဲ အဲဒါတွေကို သန့်စင်တာကလည်း အရေးကြီးပါတယ်။

Ref: This one body part is exposed to coronavirus and it increases your chances of getting infected

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top