ပထမအကြိမ်ထုတ်ပြန်တဲ့ မဲစာရင်းမှာ မှားယွင်းမှုတွေ ရှိနေ ပြည်ထောင်စုဝန်ကြီးရဲ့ မိသားစုမှာပင် မှားယွင်းမှုဖြစ်ပေါ်ခဲ့

5-8-2020-yyl-011.jpg

ရန်ကုန် ဩဂုတ် ၅

ပထမအကြိမ်ထုတ်ပြန်လိုက်တဲ့ မဲစာရင်းတွေမှာ အမှားအယွင်းတွေရှိနေတဲ့အတွက် ဒီအမှားအယွင်း လိုအပ်ချက်တွေကိုပြင်ဆင်ပြီးတော့ အောက်တိုဘာလမှာ ဒုတိယအကြိမ် ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

ဇူလိုင် ၂၅ ရက်မှာ စတင်ထုတ်ပြန်ကြေညာခဲ့တဲ့ ပထမအကြိမ် မဲစာရင်းတွေမှာ လူဦးရေစာရင်း ကျန်ရှိတာ၊ အချက်အလက်မှားယွင်းတာ၊ မပါဝင်သင့်သူတွေ ပါဝင်နေတာ၊ မှတ်ပုံတင်နံပါတ် ထပ်နေတာနဲ့ အမည်လွဲမှား နေတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

”ကျွန်တော့်မိသားစုမှာတောင် အဲဒီလိုမှားယွင်းတာတွေ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စာရင်း ကောက်ယူ တဲ့နေရာမှာ အားနည်းချက်ရှိလို့လည်း ဖြစ်နိုင်ပါတယ်”လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူရာမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကလို အိမ်ထောင်စုလူဦးရေစာရင်းကို အခြေခံကောက်ယူတာမဟုတ်ဘဲ အမှန်တကယ်ရှိနေတဲ့စာရင်းကို ကောက်ယူတဲ့ပုံစံနဲ့ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ဒီလိုကောက်ယူရာမှာ လာရောက်ကောက်ယူချိန်မှာ ရှိနေသူတွေက အချက်အလက်တွေကို တိကျစွာ မဖြေကြားနိုင်တာ၊ အိမ်ထောင်စုစာရင်းမှာ မွေးဖွားကြောင်း မှတ်ပုံတင်အမည်စာရင်း ဖြည့်သွင်းထားမှုမရှိတာ စတဲ့ အခက်အခဲတွေ တွေ့ခဲ့တယ်လို့ ဦးသိန်းဆွေက ဆိုပါတယ်။

ပထမအကြိမ် ထုတ်ပြန်လိုက်တဲ့ မဲဆန္ဒရှင်စာရင်းမှာ လူဦးရေ ၃၇ သန်း ၅ သိန်းကျော်ရှိပြီး လာရောက်ကြည့်ရှုသူ ၆ သန်း ၆ သိန်းကျော်၊ ပုံစံ(၃)ဖြင့် တောင်းဆိုသူ ၂ သိန်းကျော်၊ အချက်အလက်မှားယွင်းတယ်လို့ တင်ပြသူ ၁ သိန်း ၅ သောင်းကျော်ရှိနေပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top