တစ်ပတ်ရစ်ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် ဘာတွေကို အဓိကထားပြီး စစ်ဆေးမလဲ

2-6-2020-yyl-050.jpg

တစ်နေ့ထက်တစ်နေ့ ဖုန်းအမျိုးအစားအသစ်တွေ တစ်မျိုးပြီးတစ်မျိုး ထွက်လာသလိုပဲ တစ်ပတ်ရစ် ဖုန်းဈေးကွက်ကလည်း တဖြည်းဖြည်း ကျယ်ပြန့်လျက်ရှိပါတယ်။ အသစ်စက်စက်ဖုန်းတစ်လုံး မဝယ်နိုင်လို့ တစ်ပတ်ရစ်ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် အခုဖော်ပြမယ့် အချက်လေးတွေကို အဓိကစစ်ဆေးဖို့ လိုအပ်ပါတယ်။

ရောင်းသူအချို့က သူတို့ရဲ့ ဖုန်းချို့ယွင်းချက်တွေကို လျို့ဝှက်ထားပြီး ရောင်းချလေ့ရှိပါတယ်။ ဘာချို့ယွင်းချက်တွေ၊ ဘာအနာအဆာတွေပါသလဲဆိုတာ သေသေချာချာမေးမြန်းပါ။ အားနာပြီး အလျင်အမြန် ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။ တစ်ပတ်ရစ် ဖြစ်တဲ့အတွက် ဖုန်းအသစ်ဝယ်ယူတာထက် ပိုပြီး စစ်ဆေးဖို့ လိုအပ်ပါတယ်။

ဖုန်းပြောတဲ့အခါ ဖုန်းမျက်နှာပြင် ပိတ်၊ မပိတ် စစ်ဆေးပါ။ လက်ဗွေစနစ်တွေ မြန်ဆန်မှုရှိ၊ မရှိကို စစ်ဆေးပါ။ Touch ကောင်း၊ မကောင်း စာအနည်းငယ် ရိုက်ကြည့်ပြီး စစ်ဆေးပါ။ ဖုန်းမျက်နှာပြင်မှာ အလင်းပေါက် ရှိ၊ မရှိကို wallpaper ပြောင်းလဲပြီး သေသေချာချာ စစ်ဆေးကြည့်ရှုပါ။

ဖုန်းနားထောင်တဲ့ စပီကာနဲ့ မိုက် ကို စစ်ဆေးဖို့ ဖုန်းတစ်လုံးလုံးကို ဆက်ပြီး စမ်းသပ်ပါ။ ကျောဘက် ဒါမှမဟုတ် အောက်ဘက်မှာပါဝင်တဲ့ စပီကာကို စစ်ဆေးဖို့အတွက်ကတော့ သီချင်းတစ်ပုဒ်ကို စမ်းသပ်ဖွင့်ကြည့်ပါ။

ကင်မရာကို စစ်ဆေးဖို့တော့ အထူးပြောနေစရာ မလိုလောက်ပါဘူးနော်။ အနဲဆုံး ဓာတ်ပုံတစ်ပုံ ရိုက်ကူးပြီး ကင်မရာရဲ့ အရည်အသွေးကို စမ်းသပ်စစ်ဆေးပါ။

ဖုန်းဆင်းကတ်တွေ၊ မန်မိုရီကတ်တွေ အလုပ်လုပ်တယ်ပြောပေမဲ့လည်း လက်တွေ့ထည့်သွင်းပြီး အလုပ် လုပ်၊ လုပ်မလုပ်ကို စစ်ဆေးပါ။ အင်တာနက်လိုင်းကို စစ်ဆေးဖို့လည်း မမေ့ပါနဲ့။

ဖုန်းဘက်ထရီကို စစ်ဆေးဖို့လည်းမမေ့နဲ့ပါနဲ့။ ဝယ်လိုက်ပြီးမှ ဘက်ထရီအသုံးမခံဘူးဆိုရင် စိတ်ညစ်စရာတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒါကလည်း အရေးကြီးပါတယ်။ ဖြုတ်လို့ရတဲ့ ဘက်ထရီဆိုရင် ဖြုတ်ကြည့်ပြီး ဘက်ထရီဖောင်းနေလားဆိုတာ စစ်ဆေးပါ။ ဖြုတ်မရတဲ့ ဘက်ထရီအသေဆိုရင်တော့ ဖုန်းကို စစ်ဆေးနေတုန်း ဖုန်းအားဘယ်လောက်ကျသွားသလဲ ဆိုတာကို သတိထားပြီး ကြည့်ရှုပါ။ မသင်္ကာဘူးဆိုရင်တော့ ဖုန်းကို Restart ချကြည့်လိုက်ပါ။ နဂိုမူလရှိတဲ့ ဘက်ထရီပမာဏထက် ၅ရာခိုင်နှုန်း ပိုပြီးကျဆင်းနေတယ်ဆိုရင်တော့ ဘက်ထရီအသုံးမခံတော့တာ သေချာပါတယ်။

ဘက်ထရီပိုင်း စစ်ဆေးပြီးရင်တော့ အားသွင်းပေါက်နဲ့ အားဝင်၊ မဝင်ကို စစ်ဆေးလိုက်ပါအုံး။ တစ်ပတ်ရစ်ဖုန်း သွားဝယ်တော့မယ်ဆိုရင်တာ့ ပါဝါဘန့်ခ်(power bank) တစ်လုံးယူဆောင်သွားပြီး စမ်းသပ်စစ်ဆေးပါ။

တစ်ပတ်ရစ် ဖုန်းဝယ်တော့မယ်ဆိုရင် အွန်လိုင်းပေါ်ကရောင်းချသူတွေဆီကနေ ဝယ်ယူတာထက် သီးသန့်တစ်ပတ်ရစ်ဖုန်း ရောင်းချတဲ့ဆိုင်တွေက ပိုပြီးစိတ်ချရတဲ့အတွက် အဓိကထားပြီး ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ဖုန်းရဲ့ အသုံးပြုမှုသက်တမ်း ( ဘယ်အချိန်က ဝယ်ယူအသုံးပြုခဲ့သလဲ ) ဆိုတာ စစ်ဆေးပါ။ အာမခံကျန်၊ မကျန် ရောင်းချသူကို မေးမြန်းပါ။ တကယ်လို့ အာမခံကျန်ရှိနေသးတယ်ဆိုရင်တော့ အာမခံကတ်ပြားကို တောင်းယူဖို့ မမေ့ပါနဲ့။ အချိန်အတော်အကြာထိ အသုံးပြုပြီးသား ဖုန်းဆိုရင်တော့ ဘယ်လောက်ပဲ ဈေးတန်တန် မဝယ်ယူသင့်တော့ပါဘူး။ သင်ဝယ်ယူမယ့် ဖုန်းရဲ့ အသစ်ဈေးဘယ်လောက်၊ တစ်ပတ်ရစ်ဈေး ဘယ်လောက်ရှိသလဲ ဆိုတာကို မဝယ်ခင် ကြိုတင်စုံစမ်းပါ။

ပါကင်ပိတ် ဖုန်းအသစ်စက်စက်တစ်လုံး ဝယ်ယူအသုံးပြုခြင်းက တစ်ပတ်ရစ်ဖုန်းတစ်လုံး ဝယ်ယူတာထက် ပိုပြီးစိတ်ချရပါတယ်။ တကယ်လို့ မဖြစ်မနေ တစ်ပတ်ရစ်ဖုန်းတစ်လုံး ဝယ်ယူတော့မယ်ဆိုရင် အခုဖော်ပြထားတဲ့ အချက်လေးတွေကို အချိန်ယူပြီး အဓိကထား စစ်ဆေးသင့်ကြောင်း တင်ပြလိုက်ရပါတယ်။

Paradise (ရိုးရာလေး)

www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top