မှတ်စု​တွေကို လက်နဲ့ချရေးခြင်းဟာ မှတ်ဥာဏ်ပိုကောင်းစေနိုင်

serious-woman-thinking-in-library-silence-PEB337Q.jpg

တစ်ခုခုများ မှတ်စရာပေါ်လာမယ်ဆိုရင် ဖုန်းထဲမှာ tablet မှာ မှတ်လိုက်တာနဲ့စာရင် ခဲတံ ဒါမှမဟုတ် ဘောပင်တစ်ချောင်းချောင်း ကောက်ယူပြီး စာအုပ်လေး တစ်အုပ်မှာ ချရေးလိုက်ပါ။ အခုလို electronic device တွေ ပေါများလာတဲ့အချိန်မှာ လက်ရေးနဲ့စာရေးသားခြင်းဟာ ပျောက်ကွယ်လုလုတောင် ဖြစ်နေပါပြီ။

စီးပွားရေးလုပ်ငန်းတွေ ပညာရေးကိစ္စတွေ အစစအရာရာမှာ ကွန်ပျူတာမသုံးပဲ လုပ်တဲ့ကိစ္စတွေဆိုတာ အတော်ကြီးကို နည်းပါးပါတယ်။ ဒီဟာက ကောင်းတဲ့အချက်တစ်ခုတော့ သိပ်မဟုတ်ပါဘူး။ အကြောင်းရင်းတစ်ခုကတော့ မှတ်စရာတစ်ခုခုကို ဖုန်းသုံးပြီး မှတ်တာထက်စာရင် လက်နဲ့ရေးသားမှတ်ယူခြင်းက မှတ်ဥာဏ်ပိုကောင်းစေနိုင်လို့ပါပဲ။ ပရင်စတန်တက္ကသိုလ် (Princeton University) နဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ် (University of California) က သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရဲ့မှတ်နိုင်စွမ်းအားကို စစ်ဆေးဖို့ လေ့လာချက်တစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ဒါကတော့ ကျောင်းသားတွေကို အုပ်စုနှစ်စုခွဲပြီး တစ်စုကို မှတ်သားစရာအချက်အလက်တွေကို လက်နဲ့စာအုပ်တစ်အုပ်အုပ်မှာ ချရေးမှတ်သားခိုင်းပြီး နောက်တစ်စုကိုတော့ ကွန်ပျူတာ သို့မဟုတ် ဖုန်းမှာမှတ်ခိုင်းပါတယ်။ ဒီစမ်းသပ်ချက်ကို သင်ခန်းစာတစ်ခုပြီးတိုင်း လေ့ကျင့်ခိုင်းပြီး သင်ခန်းစာပြီးနောက် မိနစ်၃ဝအကြာမှာ ဘယ်လောက်အထိမှတ်မိသလဲ ပြန်လည်စမ်းသပ်ပါတယ်။

ရလဒ်တွေကတော့ အဖွဲ့နှစ်ဖွဲ့လုံးဟာ စစခြင်းအကြိမ်တွေမှာ ရလဒ်အတူတူ ရခဲ့ပါတယ်။ ဒါပေမယ့် ကြိမ်ဖန်များစွာ စမ်းသပ်ကြည့်တဲ့အခါ လက်ရေးနဲ့ချရေးတဲ့ ကျောင်းသားအုပ်စုဟာ ပိုမှတ်မိပြီးတော့ သင်ခန်းစာတွေအပေါ်မှာလည်း ပိုမိုနားလည်ကြေညက်တာကို တွေ့ရှိရပါတယ်။ စိတ်ကူးအသစ်တွေကိုလည်း တီထွင်ဖန်တီး တွေးတောနိုင်စွမ်းရှိတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ electronic device တွေ အသုံးပြု မှတ်သားခြင်းရဲ့ ဆိုးကျိုးတစ်ခုက အချိန်တခဏလောက်ပဲ ဦးနှောက်က ထိန်းသိမ်းပေးထားနိုင်တာပါ။

အထူးသဖြင့် ကလေးသူငယ်တွေကို သင်ကြားရာမှာ electronic deviceတွေ အသုံးပြုသင်ကြားပေးခြင်းထက် လက်နဲ့မှတ်စုမှတ်တတ်တဲ့ အလေ့အကျင့်ကို သင်ကြားထားပေးဖို့ အင်ဒီးယားနားတက္ကသိုလ် (University of Indiana) က သုတေသနပညာရှင်များက အကြံပြုထားပါတယ်။ အသက် ငါးနှစ်အရွယ်ကလေးတွေကို အလားတူ အုပ်စုခွဲစမ်းသပ်မှုမှာ တူညီတဲ့ရလဒ်တွေ ရခဲ့ပါတယ်။ ဒါကြောင့် မှတ်ဥာဏ်ပိုကောင်းစေဖို့သာမက တီထွင်ဖန်တီးနိုင်မှုစွမ်းရည် တိုးတက်စေဖို့အတွက်ပါ လက်နဲ့မှတ်စုလေးတွေ ချရေးတဲ့အကျင့်ကို လုပ်ပေးသင့်ပါတယ်။

Ref: Reader’s Digest: Studies Say Handwriting Will Make You Smarter

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top