အရက်ကျေးကျွန်ဘဝမှသည် ဆရာဝန်ဘဝဆီသို့၊ အိမ်ရာမဲ့ဘဝမှသည် ဟားဗတ်ဆီသို့

33584435_1868032423227669_714701000643969024_n.jpg

ဘဝမှာ အဆင်မပြေတာတွေ ကြုံလာရင် စိတ်ပျက်အားငယ်တဲ့ ခံစားချက်တွေ ဖြစ်လာတတ်ပါတယ်။ ကိုယ့်ဘဝကိုယ် စိတ်ပျက်အားငယ်နေပြီ ဆိုတာနဲ့ လမ်းမှားရောက်သွားနိုင်တာပါပဲ။

စိတ်ပျက်အားငယ်စရာတွေ မတွေးမိအောင် အကောင်းဆုံး ကာကွယ်ပေးမယ့် ဒိုင်းကတော့ စိတ်အားထက်သန်မှုပါပဲ။ စိတ်အားထက်သန်မှုဆိုတာ လူသားတိုင်းရဲ့ ရှိရင်းစွဲ လက်နက်ပါ။ တကယ်လို့ စာဖတ်သူက စိတ်ပျက်အားငယ်သလို ခံစားနေရပြီ ဆိုရင်တော့ ကျေးဇူးပြုပြီး ဒီစာကို ဆက်ဖတ်ပေးချင်ပါတယ်။

စိတ်ကျန်းမာရေး မကောင်းတဲ့ မိခင်က ရင်အုပ်မကွာ မစောင့်ရှောက်နိုင် ချိန်မှာ အလယ်တန်းအဆင့် ပညာရေး မပြီးဆုံးဘဲ ကျောင်းကထွက်ခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦး အရက်ကျေးကျွန် ဖြစ်ခဲ့ပေမယ့် စိတ်အားထက်သန်မှုကြောင့် ဆရာဝန်ဖြစ်လာခဲ့ပြီး သူ့ဘဝကိုသူ အဖတ်ဆယ်နိုင်ခဲ့ပါတယ်။ သူ့နာမည်က ဂျိုဘာတန်(Jo Barton)ပါ။

အသက် ၁၃ နှစ်အရွယ်မှာ စိတ်ဆင်းရဲစရာတွေ ကြုံခဲ့လို့ ဘဝကို လက်မြှောက်အရှုံးပေးခဲ့ဖူးပါတယ်။ စိတ်ကျဝေဒနာ ခံစားရလို့ နေ့ရှိသရွေ့ အရက်ပဲ သောက်ပြီး အရက်ကျေးကျွန် ဖြစ်ခဲ့ပေမယ့် အသိတရား ပြန်ဝင်လာချိန်မှာ စားပွဲထိုးအဖြစ်နဲ့ ဘဝကို ပြန်တည်ဆောက်ပြီး ပညာရေး လိုက်စားခဲ့ပါတယ်။ စားပွဲထိုးအလုပ်နဲ့ အဆင်မပြေတော့ ကျန်းမာရေး စောင့်ရှောက်မှုဂေဟာမှာ အလုပ်ဝင်လုပ်ပါတယ်။ တစ်ပတ်ကို နာရီ (၆၀) အလုပ်လုပ်ရင်း၊ စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်ကို အမြဲမပြတ် သွားတွေ့ရင်း သူနာပြုဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။

ဆရာဝန်တွေ ခွဲစိတ်တာ ကြည့်ရင်းနဲ့ ဂျိုဘာတန်ရဲ့ ရင်ထဲမှာ ဆရာဝန်ဖြစ်ချင်တဲ့ စိတ်အားထက်သန်မှုတွေ ခိုင်မာလာခဲ့ပါတယ်။ အဲဒီအတွက် ၆ နှစ် တက်ရတဲ့ ဆေးပညာဘွဲ့ကို သင်ယူခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်က ဘွဲ့ရခဲ့ပါတယ်။ အခုတော့ အရေးပေါ်ဌာနရဲ့ ဆရာဝန်ဖြစ်နေပါပြီ။ အရက်ကျေးကျွန် ဂျိုဘာတန်ဘဝကနေ ဒေါက်တာဂျိုဘာတန် ဖြစ်သွားပါပြီ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။

အကြွေးနဲ့ အိမ်သိမ်းခံလိုက်ရလို့ အိမ်ရာမဲ့ ဖြစ်ခဲ့ပြီး ခိုလှုံရေးစခန်းမှာ နေခဲ့ရတဲ့ ဆယ်ကျော်သက်တစ်ယောက်ဟာလည်း ကျန်းမာရေး ချူချာနေတဲ့ကြားကနေ
စိတ်အားထက်သန်မှု ပြင်းထန်ခဲ့လို့ ဟားဗတ်တက္ကသိုလ် တက်ရောက်ခွင့် ပညာသင်ဆုရပြီး ဘဝလမ်းကြောင်း ဖြောင့်ဖြူးသွားခဲ့ပါပြီ။ ငယ်ငယ်တုန်းက အတန်းထဲမှာ စာမေးတိုင်း လက်ထောင်ပြီး ထဖြေတဲ့ ရစ်ချက်ဂျန်ကင်( Richard Jenkins)ကို အတန်းဖော်တွေက ”ဟားဗတ်”လို့ ကျီစယ်ခဲ့ကြဖူးပါတယ်။

ရစ်ချက်ဂျန်ကင် အလယ်တန်းကျောင်းသားဘဝ (sixth grade) မှာ သူတို့အိမ် အကြွေးနဲ့ သိမ်းခံလိုက်ရလို့ ခိုလှုံရေးစခန်းမှာ (၂)နှစ်လောက် သွားနေခဲ့ရပါတယ်။ သူဟာ အထက်တန်းကျောင်းသားဘဝ ပထမဆုံးနှစ်မှာ ဆိုးဆိုးရွားရွား ခေါင်းကိုက်တတ်တဲ့ ဝေဒနာကြောင့် ဆေးရုံရောက်ခဲ့ပေမယ့် ပညာရေးဘက်မှာ ထူးချွန်ခဲ့လို့ တစ်တန်းပြီး တစ်တန်း အောင်မြင်ခဲ့ပါတယ်။

ဂျူနီယာတန်း (12th Grade) တက်ရောက်ရမယ့်နှစ်မှာတော့ သူ့အမေရဲ့ တိုက်တွန်းချက်အရ Girard College က ဖွင့်လှစ်ပေးတဲ့ ဂျူနီယာတန်းကို သွားတက်ခဲ့ပါတယ်။ အဲဒီအတန်းက မိဘတစ်ယောက်ပဲရှိပြီး ချို့ချို့တဲ့တဲ့ ကျောင်းနေရပေမယ့် စာတော်တဲ့ ကလေးတွေအတွက် ရည်ရွယ်ဖွင့်လှစ်တာပါ။ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ရစ်ချက်ဂျန်ကင်ဟာ အဲဒီအတန်းမှာ အမှတ်အများဆုံးရခဲ့ပြီး ကမ္ဘာကျော် ဟားဗတ် တက္ကသိုလ်က အပြည့်အဝ ထောက်ပံ့ပေးမယ့် ပညာသင်ဆု ရရှိခဲ့ပါတယ်။ မှတ်ဥာဏ်တု (artificial intelligence) ကို အရမ်းစိတ်ဝင်စားတဲ့ ရစ်ချက်ဂျန်ကင်က ကွန်ပျူတာသိပ္ပံ ပညာရပ် သင်ယူတော့မှာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွေကိုကြည့်ရင် ဘဝရဲ့ အချိုးအကွေ့တွေထဲမှာ အဆင်မပြေတာကြုံချိန်၊ စိတ်အားငယ်မှု ခံစားရချိန်တွေက လမ်းမှားဘက် တွန်းပို့ဖို့ ချောင်းမြောင်းနေကြပေမယ့် စိတ်အားထက်သန်မှုဆိုတဲ့ လူသားရဲ့ ရှိရင်းစွဲ လက်နက်ကိုင်ဆောင် အသုံးပြုမယ်ဆိုရင် ခယောင်းလမ်းတွေက မဆုံးနိုင်အောင် ရှည်လျားနေတော့မှာမဟုတ်ပါဘူး။

 

Nz (ရိုးရာလေး)

www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top