ရင်သပ်ရှုမောဖွယ်အကောင်းဆုံးသော အာရှရတနာကျွန်းဆွယ်များ

35082879_175649389952259_9115704800246235136_o.jpg

ကဲ … ရိုးရာလေးပရိတ်သတ်တို့ရေ။ စာရေးသူရဲ့ ခရီးသွားဆောင်းပါးတွေကနေ ဥရောပဘက်တွေချည်း အတူတူခြေဆန့်နေကြရတာ မောနေပြီပေါ့နော်။ ဒီတစ်ခါက မိုးတွင်းလည်းဖြစ်တော့ နီးနီးနားနား အာရှထဲပဲ သွားလည်ကြည့်ကြရအောင်။

အဲဒီအထဲကမှ မြန်မာနိုင်ငံအပါအဝင် တခြားအာရှကျွန်းဆွယ်တွေချည်း ရွေးသွားကြမယ်လေ။ အဲ .. မသွားခင်လေးတစ်ခုလောက်တော့ ပြောပါရစေ။ တခြားမဟုတ်ပါဘူး။ စာရေးသူက ကမ္ဘာပေါ်က ကုန်းမြေကြီးထက် ရေပြင်ကိုပိုချစ်သူမို့ အခုပြောပြပေးမယ့် ကျွန်းဆွယ်တွေက လုံးဝအမိုက်စားဖြစ်တယ်ဆိုတာ ယုံကြည်ကြဖို့ပါ။ ဒါဆိုဒီလောက်အညွှန်းကောင်းနေတဲ့ အာရှရဲ့ရတနာကျွန်းဆွယ်တွေက ဘာတွေလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်…

 

၁။ ကရီမာဂျာဝါ ကျွန်း၊ အင်ဒိုနီးရှား (Karimunjawa Islands, Java, Indonesia)

ကရီမာဂျာဝါကျွန်းဆွယ်ဆိုတာက အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားမှာရှိတဲ့ ကျွန်းအသေး (၂၇) ကိုစုထားတဲ့ ကျွန်းဆွယ်ကြီးပါ။ ပြောင်ချောနေတဲ့ သဲသောင်ကြီးတွေရယ်၊ စိမ်းပြာရောင် ရေပြင်ရယ်ကြောင့် ဒီကျွန်းဆွယ်ကို ကမ္ဘာ့နိဗ္ဗာန်ဘုံအနေနဲ့တောင် တင်စားလို့ရပါတယ်။ အားသာချက်အနေနဲ့ဆိုရင်တော့ ဒီကျွန်းက တခြားဘာလီ (Bali) မှာရှိတဲ့ကျွန်းတွေလို နိုင်ငံခြားခရီးသွားတွေနဲ့ ရှုပ်ယှက်ခက်မနေပါဘူး။ ဆိုတော့ အေးဆေးအနားယူချင်တဲ့သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။

သန္တာကျောက်တန်းတွေနဲ့ တစ်ခါမှအထိအတွေ့မရှိဖူးဘူးဆိုရင်တော့ ဒိုင်ဗင်ထိုးတာနဲ့ ရေငုပ်တာတွေကို မဖြစ်မနေပြုလုပ်ကြည့်ပါ။ ဒါမှလည်း သင်မျှော်လင့်ထားတဲ့ ကျွန်းဆွယ်ရဲ့အရသာကို ခံစားဖူးမှာပါ။ သွားရတန်အောင်လို့ ငုပ်ဖြစ်အောင်ငုပ်ခဲ့ပါ။

၂။ အမမ်ပီလို၊ ပလဝမ်၊ ဖိလစ်ပိုင် (Amanpulo, Palawan, Philippines)

ပလဝမ်ရဲ့နေရာတိုင်းက စာရေးသူရဲ့ရင်ထဲ အပြီးပိုင် နေရာယူထားတာပါ။ အခုထိတော့ သူမှသူပေါ့။ တစ်ခါသွားပြီးတိုင်း နောက်တစ်ခါထွက်သွားချင်နေမယ့် ကျွန်းမျိုးပါ။ ဈေးအရမ်းကြီးပြီး အဆင့်မြင့်လွန်းတဲ့ အခန်းခတွေကြောင့်လည်း ဖြစ်လောက်ပါတယ်လေ။ (၅) ကီလိုမီတာရှည်လျားတဲ့ သဲဖြူကမ်းခြေနဲ့ အပြာတကာ့အပြာဆုံးရေတွေက မယုံနိုင်လောက်အောင် ရိုမန်တစ်ဆန်ပါတယ်။ တင်စားမယ်ဆို ကမ္ဘာပေါ်က နတ်ပြည်လို့တောင် တင်စားလို့ရပါတယ်။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ တွမ် ခရု (Tom Cruise), မရိုင်ယာ ကာရေး (Mariah Carey) နဲ့ ရောဘတ် ဒီ နီရို (Robert De Niro) တို့အားလုံးလည်း ဒီရတနာကျွန်းဆွယ်လေးကို ရောက်ဖူးကြပါတယ်။ သွားလည်ကြည့်လိုက်ပါ။ ကြည်လင်နေတဲ့ရေပြာတွေနဲ့ ဝိုင်းထားပြီး ဘယ်လိုမှ စာဖွဲ့လို့မလောက်တဲ့ ကျွန်းဖြစ်နေတာကို တွေ့ရမှာပါ။ အဲ … နောက်ဆုံးတစ်ခုအနေနဲ့ ကျွန်းရဲ့ဇိမ်အကျဆုံး ($ ၁,၀၀၀ – ၇,၀၀၀) ဒေါ်လာကြားရှိတဲ့ ဟိုတယ်ခန်းမှာ တည်းချင်တယ်ဆိုရင်တော့ ထီပေါက်ဖို့လိုပါတယ်။ စာရေးသူကတော့ ဒီမိုးတွင်းထီထိုးထားပြီး ပေါက်ရင်သွားဖို့ အစီအစဉ်ရှိပါတယ်။

၃။ ခွန်လီပီ၊ ထိုင်း (Koh Lipe, Thailand)

ဒီတစ်ခါတော့ ကိုယ်တွေနဲ့နီးနီးနားနား ထိုင်းနိုင်ငံရဲ့ အလှပဂေးကျွန်းလေး ခွန်လီပီပါ။ ပင်လယ်ဘက်ဆီ ခြေဆန့်ရတာကြိုက်တဲ့ မြန်မာနိုင်ငံက သူတော်တော်များများလည်း ရောက်ဖူးကြပါတယ်။ အဝတ်ပုခက်လေးဆွဲ၊ ဘီယာအေးအေးလေးကိုင်ပြီး ကမ်းခြေကိုမျက်နှာမူရင်း ဘဝရဲ့အရသာကို ခံစားကြည့်ပါ။ အစားအသောက်၊ နေဖို့နဲ့ သွားလာရေးစရိတ်တွေကလည်း မြန်မာနဲ့သိပ်မဝေးတာမို့ တော်တော်လေးသက်သာပါတယ်။ တစ်ရက်စာအတွက် နှစ်ယောက်ပေါင်း (၂၅) ဒေါ်လာ လောက်နဲ့တင် အဆင်ပြေပါတယ်။

၄။ မာဂွီ အာချီပယ်လာဂို၊ မြန်မာ (Mergui Archipelago, Myanmar)

ကျွန်းပေါင်း (၈၀၀) ကျော်ရှိတဲ့ အက်ဒမမ်ပင်လယ်ထဲက ကျွန်းတစ်ကျွန်းပါ။ ရေပေါ်၊ ရေအောက် သယံဇာတပေါကြွယ်ဝတဲ့နိင်ငံဖြစ်တာကို နိုင်ငံသားတိုင်းသိပြီးသားမို့ အထူးတလည်ပြောစရာ မလိုလောက်ဘူးထင်ပါတယ်။ နိုင်ငံတွင်းဖြစ်လို့ ကုန်ကျစရိတ်ကပြည်ပနိုင်ငံတွေထက် အများကြီးသက်သာပါတယ်။ အခုရွေးထားပေးတဲ့ကျွန်းတွေက အေးဆေးလေး အပန်းဖြေချင်သူတွေအတွက်ရော၊ ပျော်ချင်ပါးချင်တဲ့သူတွေအတွက်ရော နှစ်ဘက်လုံးကြည့်ရွေးပေးထားတာမို့ မျက်စိရှုပ်၊ နားရှုပ်မှာအတွက်တော့ မပူပါနဲ့။ ဒီကျွန်းမှာလည်း ရေငုပ်လို့ရပါတယ်။ ရေလည်းကြည်ပါတယ်။ ကမ်းခြေမှာလမ်းလျှောက်နေတုန်း စိတ်ပါလာရင် ဟိုတယ်ကို ခရုလေးတွေ ကောက်ပြန်လာလို့ရပါသေးတယ်။ ပင်လယ်လိပ်၊ ငါးမန်း၊ ရေနဂါးနဲ့ ငလိပ်ကျောက်တွေလည်းရှိပါတယ်။ ဒါကြောင့်ပြန်လာပြီးမှ နောင်တမရအောင်လို့ ရေငုပ်ဖြစ်အောင် ငုပ်ခဲ့ပါ။

၅။ ဟဗားရောခ့်၊ အိန္ဒိယ (Havelock Island, India)

အိန္ဒိယက ကျွန်းတွေအကြောင်ကို ပြောမယ်ဆိုရင်တော့ နိုင်ငံရဲ့သဲဖြူကျွန်းတွေကို ချန်ထားခဲ့လို့မရပါဘူး။ သင့်စိတ်ကူးထဲကလိုပဲ ဟဗားရောခ့်ကျွန်းမှာ ကျွန်းဆွယ်အဂါၤရပ်နဲ့ညီတဲ့ ထန်းပင်လေးတွေ အစီအရီရှိပါတယ်။ နောက်ထပ်ကမ်းခြေဘေးနားက ရွာငယ်လေးတွေဆိုရင်လည်း အဝေးကကြည့်ရင် ပန်းချီကားတစ်ချပ်နဲ့တောင် တူပါသေးတယ်။ ရေငုပ်လို့ မောသွားတဲ့အခါ ကမ်းခြေမှာ ပင်လယ်စာတက်စားပြီး ဘန်ဂလိုပြန် အေးအေးဆေးဆေးလေးနားလို့ရပါတယ်။ ဒီကျွန်းက ပင်လယ်စာတွေက အရမ်းလတ်ဆတ်ပြီး အရမ်းလည်းကောင်းပါတယ်။ နှစ်ပြန်ကြော်၊ သုံးပြန်ကြော်၊ လေး၊ ငါးပြန်ကြော်တွေမရဘူးလို့ ပြောချင်တာပါ။ အပူပိုင်းဒေသကရေဖြစ်လို့ ရေကြာကြာစိမ်ရင် အအေးမိမှာတွေ ဘာတွေလည်း မပူရပါဘူး။

 

Ref : Pinterest “Top 10 stunning islands in asias that we can’t stop look at”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top