ဘေဘီလေးတို့ သွားကျန်းမာရေးအတွက် လိုက်နာသင့်တာတွေ

teeth-P6VGYWY.jpg

ဖေဖေ မေမေတို့အနေနဲ့ ဘေဘီလေးတွေ သွားပေါက်ကာစ အရွယ်ကတည်းက သွားကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒီအရွယ်ကတည်းက ဂရုစိုက်ထားမှ ကလေးရဲ့သွားဖုံး နဲ့ ကြီးသွား တို့ကလည်း ကောင်းမွန်နိုင်မှာပါ။

ဘေဘီလေးတွေ သွားကျန်းမာရေးအတွက် လိုက်နာသင့်တဲ့ အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

သွားငုတ်တုတ်မထွက်ခင်တည်းက သန့်ရှင်းရေး စတင်ပါ

ဘေဘီလေးတွေမှာ သွားမထွက်ခင်ကတည်းက သူတို့ရဲ့ ခံတွင်းကို သန့်ရှင်းရေး လုပ်ပေးပါ။ အစာကျွေးပြီးတိုင်း သွားဖုံးတွေကို ရေစို အဝတ်စလေးနဲ့ ပွတ်ပေးတာမျိုး ဒါမှမဟုတ် ရေစွတ်ထားတဲ့ ပိတ်ကျဲစလေးကို လက်ချောင်းမှာပတ်ပြီး သွားဖုံးတွေကို သန့်ရှင်းရေးလုပ်ပေးပါ။

သွားပေါက်ကာစ အရွယ်မှာ ဘယ်လိုထိန်းမလဲ

၄ လသားနဲ့ ၁၂ လသား အရွယ်မှာ သွားစပေါက်ပါတယ်။ ရှေ့သွားက အရင်စပေါက်ပြီးမှ နောက်သွားတွေ တစ်ချောင်းချင်း ထွက်လာတာရှိသလို တစ်ပြိုင်တည်း အကုန်ပေါက်လာတာလည်း ရှိပါတယ်။ ဘေဘီလေးတွေမှာ သွားစထွက်လာပြီဆိုရင် မြင်သမျှ ကိုက်ချင်နေတတ်ပါတယ်။ အေးတဲ့ အရာကို ပိုပြီး ကိုက်ချင်ကြတာဖြစ်လို့ အဝတ်စ အေးအေးလေးကို ကိုက်ဖို့ ပေးထားတာမျိုး၊ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ သစ်သီးလေးတွေ ပေးကိုက်ထားတာမျိုး လုပ်ပေးသင့်ပါတယ်။

သွားပေါက်လာချိန်မှာ နည်းလမ်းတကျ ဂရုစိုက်ပေးပါ

ဘေဘီလေးတွေမှာ သွားပေါက်လာတဲ့အခါ နည်းလမ်းတကျ ဂရုစိုက်ပေးပါ။ မိဘ တော်တော်များများက ငယ်သွား နေရာမှာ အချိန်တန်ရင် ကြီးသွားတွေ အစားထိုး ပေါက်လာမှာလို့ထင်ပြီး အရေးမကြီးသလို ထားလိုက်ကြပါတယ်။ တကယ်တမ်းကျတော့ ငယ်သွားလေးတွေက ကြီးသွားထွက်ဖို့အတွက် တခါတည်း နေရာယူနေကြတာပါ။ ဒါကြောင့် ဝါးနိုင်၊ စားနိုင်၊ စကားပြောနိုင်တာပေါ့။ ငယ်သွား အရွယ်တည်းက ဂရုမစိုက်ဘူးဆိုရင် သွားတွေပျက်စီးဖို့ အလားအလာများပါတယ်။

သွား အခေါင်းပေါက်ဖြစ်ခြင်းကိုကာကွယ်ပါ

ဘေဘီလေးတွေမှာ သွားအခေါင်းပေါက်ဖြစ်တဲ့ ပထမဆုံး လက္ခဏာက သွားအရောင် ပျက်လာခြင်းနဲ့ အပေါက်သေးသေးလေးတွေ စဖြစ်လာတာပါပဲ။ ပုခက်ထဲမှာ ကလေးကို နို့ဗူးတပ်ပြီး ထားတာက သွားအခေါင်းပေါက် ဖြစ်စေတဲ့ လမ်းစပါပဲ။ ဒါကြောင့် ကုန်သွားတဲ့ နို့ဗူးကို ဒီတိုင်း အပျော်သဘောနဲ့ ကလေးက ပါးစပ်ထဲ ငုံထားတာမျိုး မဖြစ်အောင် ဂရုပြုပါ။

အသက် ၂ နှစ်အရွယ်မှာ သွားတိုက်ဆေးနဲ့ သွားတိုက်ပေးပါ

ဘေဘီလေးတွေသွားက နည်းနည်းလေး ကြီးလာပြီဆိုတော့ သွားတိုက်ပေးရပါတော့မယ်။ ဆန်လုံးတစ်လုံးစာ သွားတိုက်ဆေးလေး ထည့်ပြီး သွားပွတ်တံနဲ့ တစ်နေ့ နှစ်ကြိမ် သွားတိုက်ပေးပါ။

ဘေဘီလေးတွေ ဖလိုရိုက်ဒ်ပမာဏ ပုံမှန်ရအောင် ဂရုစိုက်ပါ

ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေး မသုံးရင်တောင်မှ သွားပျက်စီးမှု ကာကွယ်ရာမှာ အရေးပါတဲ့ ဖလိုရိုက်ဒ်ဓာတ် လုံလုံလောက်လောက်ကို ဘေဘီလေးတွေ ရသင့်ပါတယ်။ ဘုံဘိုင်ကလာတဲ့ ရေမှာ ဖလိုရိုက်ဒ်ဓာတ် လုံလောက်စွာ ပါတယ်ဆိုရင် ကလေးတွေကို တိုက်လို့ရပါတယ်။ ကလေး ၆ လသား အရွယ်တည်းက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖလိုရိုက်ဒ် ဖြည့်စွက်စာ ကျွေးလို့လည်း ရပါတယ်။

သွားဆရာဝန်နဲ့ အချိန်ပေးပြသပါ

အကောင်းဆုံးကတော့ ဘေဘီလေးတွေ အသက် ၁ နှစ် အရွယ်တည်းက သွားဆရာဝန်နဲ့ ပြပေးပါ။ ဒါမှမဟုတ် ပထမဆုံး သွားစထွက်တည်းက သွားဆရာဝန်နဲ့ပြပါ။

ဒီအချက်လေးတွေကို လိုက်နာထားမယ်ဆိုရင် ဘေဘီလေးတွေရဲ့ သွားက ကြီးတဲ့အထိ ပုလဲရောင်လို ဖြူဖွေးနေမှာဖြစ်သလို ဖေဖေ၊ မေမေတို့လည်း သွားဆေးခန်း ခဏခဏ လိုက်ပြပေးရတဲ့ ရန်ကဝေးပါပြီ။

Ref: Parents “7 Tips for Baby Tooth Care”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top