အိပ်ရေးဝအောင် မအိပ်ရင် ဖြစ်လာနိုင်တဲ့ အသိသာဆုံး အန္တရာယ် ၅ ခု

not-enough-sleep.png

အိပ်ရေးပျက် ခြင်း ဆိုတာ အမှတ်တမဲ့ သတိမထားမိတတ်တဲ့ အန္တရာယ်ပါ။ တစ်ရက်နှစ်ရက်လောက် စိတ်ဖိစီးပြီး အိပ်မပျော်တာ ပြဿနာမဟုတ်ဘူး။ စိတ်ဖိစီး နေရတဲ့ အလုပ် နဲ့ အိပ်ရေးမမှန်တာ နှစ်ချီနေပြီဆို ခွန်အားအရင်းအမြစ်တွေ မလုံလောက်တော့ဘဲ ဆိုးကျိုး အန္တရာယ်တစ်ခု မဟုတ် တစ်ခု ရှိလာနိုင်ပါတယ်။

အိပ်ချိန် မလုံလောက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ တစ်ခုချင်းစီ မှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ညက အိပ်ရေးပျက် ထားရင် နောက်နေ့ တစ်နေ့လုံး စိတ်မကြည်၊ အဆင်မပြေတော့ဘူး ဆိုတာ ကြုံဖူးသူတွေ သိထားပြီးသား ဖြစ်မှာပါ။

ဒါတင် မကသေးဘဲ မှတ်ဉာဏ် မှာရော၊ ကျန်းမာရေး၊ ရုပ်အသွင်အပြင် နဲ့ ကိုယ့်ရဲ့ အရည်အချင်း စွမ်းဆောင်ရည်တွေ မှာပါ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ် ဆိုတာရော သိပါရဲ့လား။

အိပ်ချိန် နည်းခြင်း၊ ဆက်တိုက် အိပ်ရေးပျက် ခြင်းကြောင့် –

(၁) ဉာဏ် မကောင်းတော့ဘူး

အိပ်ရေးပျက်ရင် တွေးခေါ်နိုင်စွမ်း၊ သင်ယူလေ့လာနိုင်စွမ်းတို့လို ဉာဏ်စွမ်းရည်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေအားနည်းလာပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်။

(၂) စိတ်ဓာတ်ကျမယ်

ညအိပ်မပျော်ခြင်းက စိတ်ကျရောဂါနဲ့ဆက်နွှယ်နေပါတယ်တဲ့။ အိပ်ရေးပျက်ထားရင် လူက ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ၊ လေးတိလေးကန်ထိုင်းမှိုင်းမယ်၊ စိတ်ဆတ်မယ်၊ စိတ်ညစ်ညူးနေမယ်။ ဘာမှအလုပ်မဖြစ်တော့ စိတ်ဓာတ်ကျတဲ့အတွေးတွေဝင်လာနိုင်တယ်။

(၃) နုပျိုခြင်း နဲ့ ဝေးလာမယ်

အအိပ်မမှန်ရင် အသားအရေညစ်ပြီး အရေးအကြောင်းတွေ၊ မျက်ကွင်းညိုတာတွေ ဖြစ်စေနိုင်တယ်လေ။ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က cortisol ဟော်မုန်းတွေပိုထွက်လာပြီး အသားအရေချောမွေ့စေဖို့၊ တင်းရင်းစေဖို့ထိန်းသိမ်းပေးတဲ့ skin collagen တွေကို ပျက်စီးစေပါတယ်။ ရလဒ်ကတော့ အသားမလှတော့ဘူး၊ မစိုပြည်တော့ဘူး၊ ရုပ်ပိုရင့်လာနိုင်တယ်။

(၄) ရောဂါ ဝင်လွယ်မယ်

အိပ်ရေးပျက် ရင် ကိုယ်ခံအား နည်းလာတာမို့ ရောဂါဝင်လွယ်၊ နေမကောင်းဖြစ်လွယ်ပါတယ်။ နောက်ဆက်တွဲ ပြဿနာ အနေနဲ့ နှလုံးရောဂါ၊ သွေးတိုး၊ အဝလွန်ခြင်း စတဲ့ နာတာရှည် ရောဂါဆိုးတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်လည်း ရှိတယ်။

(၅) ဝိတ်တက်လာမယ်

အိပ်ရေးပျက် ရင် ပိုဆာတယ်၊ အစာစားချင်စိတ်ပိုဖြစ်လာနိုင်တယ်တဲ့။ အဆီများ၊ အချိုများပြီး ကျန်းမာရေးနဲ့မညီတာတွေကိုမှ ပိုစားချင်တတ်တာဖြစ်လို့ အဝလွန်ခြင်းကို ဦးတည်လာနိုင်တယ်။ အိပ်ရေးမဝတဲ့အခါ Leptin ဟော်မုန်း ပမာဏကိုလျော့စေပြီး ဆာလောင်မှုကိုနှိုးဆွတဲ့ Ghrelin ပမာဏကိုတိုးစေလို့ ဖြစ်ပါတယ်။

ဒါ့ကြောင့်

ညဘက် အိပ်ချိန် နဲ့ မနက် အိပ်ရာထချိန် ကို သတ်သတ်မှတ်မှတ်ထားပါ။
တရေးအိပ်ချိန် သိပ်မကြာပါစေနဲ့။
အိပ်ရာဝင်ခါနီးကို စိတ်ဖိစီးစေတဲ့ အလုပ်တွေ၊ စကားများများ ပြောဆို ဆွေးနွေးတာတွေ သိပ်မလုပ်ပါနဲ့။
အိပ်ခါနီးမှာ ဖြေလျှော့ အနားယူပါ။ အသက်ရှူလေ့ကျင့်ခန်း လေးလုပ်၊ ဘုရားဝတ်ပြု၊ ခပ်ဖြည်းဖြည်း အကြောလျှော့၊ တရားထိုင် စတာမျိုးတွေ ပေါ့။
အိပ်ခန်း မှာ ညဘက် အလင်းရောင် လျှော့ထားပါ။
အမြဲတမ်း ဂရုစိုက်ရမှာက အာဟာရပြည့်အောင် စားပါ၊ ပုံမှန်စားပါ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
မအိပ်ခင် အစား အများကြီးစားတာ ရှောင်ပါ။
အိပ်ရာထဲမှာ ဖုန်း/ကွန်ပျူတာ ယူမအိပ်ပါနဲ့။
စိတ်ဖိစီးမှုတွေ ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာပါ။ စိတ်ညစ်စရာတွေ ထိုင်တွေးမနေပါနဲ့။
ကဖင်းနဲ့ အရက် ဘီယာ လျှော့သောက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Ref : hellosayarwon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top