ကပ်ရောဂါအတွင်း ကူညီပေးခဲ့တဲ့ စေတနာ့ဝန်ထမ်းကို ကျေးဇူးတင်မဆုံးဖြစ်နေတဲ့ ကင်ဆာရောဂါသည်

11-12-2020-yyl-012.jpg

အခုလိုကပ်ရောဂါအတွင်းမှာ အကျပ်အတည်းဖြစ်နေတဲ့၊ ဒုက္ခရောက်နေတဲ့သူတွေအတွက် ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေက အသင့်ရှိနေပါတယ်နော်။ ဖလော်ရီဒါတောင်ပိုင်းမှာလည်း ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးနေတဲ့ Pandemic of Love ဆိုတဲ့ပရဟိတအဖွဲ့အစည်းတစ်ခုရှိပါတယ်။ ကပ်ရောဂါအတွင်းမှာ အဲဒီအဖွဲ့အစည်းရဲ့စေတနာ့ဝန်ထမ်းတစ်ဦးက ကင်ဆာရောဂါသည်တစ်ယောက်ကို ကူညီပေးခဲ့လို့ သူဟာ ကျေးဇူးတင်ခြင်းခံနေရပါတယ်။ အဲဒီစေတနာ့ဝန်ထမ်းကတော့ ဖလော်ရီဒါပြည်နယ်က ကလေးမိခင်တစ်ဦးဖြစ်တဲ့ ဘီသ် အီဂလာချ် (Beth Eiglarsh) ဖြစ်ပြီး သူဟာ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက စေတနာ့ဝန်ထမ်းအနေနဲ့ ဆောင်ရွက်ခဲ့တာပါ။

သူ့ကို နယူးယောက်က အကူအညီလိုအပ်နေတဲ့အမျိုးသမီးတစ်ဦးနဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။ သူတို့ (၂) ဦးက တစ်ခါမှမတွေ့ဖူးတဲ့သူစိမ်းတွေဖြစ်ကြပေမဲ့ အကောင်းဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ဘီသ် ကူညီပေးခဲ့ရတဲ့ အဲဒီအမျိုးသားကတော့ ကျောင်းဆရာဟောင်း ရှောင် နော်ရစ်ဂါ (Sean Noriega) ဖြစ်ပါတယ်။ သူဟာ လည်ချောင်းကင်ဆာရောဂါကြောင့် အလုပ်ကနေ ထွက်လာရတာဖြစ်ပါတယ်။ နော်ရစ်ဂါက ၂၀၂၀ခုနှစ်မှာ တော်တော်လေးအခက်အခဲဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် Pandemic of Love ကနေတဆင့် သူ စားသောက်ကုန်တွေဝယ်ယူနိုင်ဖို့ ဘီသ်က ကူညီပေးခဲ့ရပါတယ်။ ဘီသ်က ကင်ဆာရောဂါသည် နော်ရစ်ဂါကို ဒီထက်အများကြီးကူညီပေးခဲ့တာပါ။

နော်ရစ်ဂါက လည်ချောင်းကင်ဆာရောဂါသည်ဖြစ်တဲ့အတွက် ဘီသ်က သူ ဘာစားလို့ရနိုင်တယ် မရနိုင်တယ်ဆိုတာကို ရှာဖွေပြီးမှ အလေးချိန် ပေါင် (၄၀) နီးပါးရှိတဲ့ အစားအစာအထုပ်အပိုးကို ပို့ဆောင်ပေးခဲ့တာပါ။ ဘီသ်က နော်ရစ်ဂါဆီ ပို့ပေးတာက အစားအစာတွေတင်မဟုတ်ပါဘူး။ အခုလိုအချိန်အခါမှာ လိုအပ်နေတဲ့ ပိုက်ဆံတချို့ကိုလည်း ပို့ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဘီသ် ပေးပို့တဲ့ပိုက်ဆံက နော်ရစ်ဂါအတွက် အရမ်းအကူအညီဖြစ်ခဲ့ပါတယ်။ ဆေးရုံသွားတဲ့စရိတ်နဲ့ ဆရာဝန်ပြခအနေနဲ့ ပေးနိုင်ခဲ့လို့ပါပဲ။

“ဘီသ်ရဲ့အကူအညီသာမရှိခဲ့ဘူးဆိုရင် ကျွန်တော် ဒီနေရာမှာ စကားထိုင်ပြောဖို့တောင် ကျန်းမာနေမှာမဟုတ်ဘူး” လို့ နော်ရစ်ဂါက ဆိုပါတယ်။ အခုဆိုရင် နော်ရစ်ဂါက ဘီသ်ကို သူ့ရဲ့အစောင့်အရှောက်နတ်အဖြစ် ယူဆထားပါတယ်။ ဘီသ်က သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့သူလို့လည်း နော်ရစ်ဂါက ပြောပါတယ်။ ဘီသ်က သူ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်မဆုံးဖြစ်နေတာပါ။ ဘီသ်ကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါပြောလို့မဆုံးပါဘူး။

နော်ရစ်ဂါနဲ့ ဘီသ်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကလည်း အကြာကြီးရှိနေဦးမှာပါ။ မနက်ခင်းတိုင်း ဘီသ်က နော်ရစ်ဂါကို “Good morning”ဆိုတဲ့စာကို ပို့တဲ့အပြင် နော်ရစ်ဂါကလည်း စာပြန်ပို့ပေးလေ့ရှိတယ်လို့ သိရပါတယ်။ နော်ရီဂါက ဘီသ်ကို နတ်သမီးအနေနဲ့ သုံးနှုန်းတာက ဒီအတိုင်းပေါ့ပေါ့ပါးပါးပဲပြောလိုက်တာမဟုတ်ဘဲ သူ့အသက်ကို ကယ်တင်ခဲ့တာကြောင့် ဒီစကားလုံးကို လေးလေးနက်နက်နဲ့သုံးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဘီသ်ကတော့ နော်ရစ်ဂါရဲ့စကားတွေက သူ့ကို မျက်ရည်ကျမတက်ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ခရီးတွေပြန်ထွက်လို့ရတဲ့အခါကျရင် သူတို့လူချင်းတွေ့ဖို့ စီစဉ်ထားတယ်လို့ နော်ရစ်ဂါက ပြောပါတယ်။ “ဘီသ်က နယူးယောက်ကို လာလည်မယ်လို့ ကျွန်တော်ကို ကတိပေးထားပါတယ်။ သူကို တွေ့ရဖို့ မစောင့်နိုင်တော့ပါဘူး။ လူတိုင်းက ကပ်ရောဂါနဲ့ပတ်သက်ပြီး မကောင်းတဲ့အရာတွေရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အကောင်းဆုံးလက်ဆောင်တွေထဲက တစ်ခုကိုရခဲ့တယ်။ အဲဒါကတော့ သူငယ်ချင်းဆက်ဆံရေးပါပဲ” လို့ နော်ရီဂါက ဆိုပါတယ်။

Pandemic of Love အဖွဲ့အစည်းကို အသိနဲ့သတိကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင်ကြားပေးတဲ့ဆရာမ ရှယ်လီ တီဂယ်စကီ (Shelly Tygielski) က ဖွဲ့စည်းခဲ့တာပါ။ ရှယ်လီက သူ့ရဲ့လူအသိုင်းအဝိုင်းကို ကူညီပေးချင်ခဲ့ပြီး အကူအညီလိုအပ်နေတဲ့လူတွေကို အကူအညီပေးနိုင်တဲ့လူတွေနဲ့ ချိတ်ဆက်ပေးချင်ခဲ့တာပါ။ Pandemic of Love အဖွဲ့အစည်းကို စတင်ပြီး မကြာခင်မှာပဲ ဖလော်ရီဒါတောင်ပိုင်းထက်ကျော်လွန်ပြီး နာမည်ရလာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက စေတနာ့ဝန်ထမ်းတွေလည်း ပါဝင်လာခဲ့ပြီး အဖွဲ့အစည်းက အကူအညီလိုအပ်နေတဲ့ မိသားစုနဲ့ စေတနာ့ဝန်ထမ်း (၁) သန်းနီးပါးနဲ့ ချိတ်ဆက်ပေးထားပါတယ်။

Ref: CBSNews “Man with cancer credits volunteer with saving his life during the pandemic”


WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top