ကျောရိုးစောင်းရောဂါနဲ့လူတွေကို ကူညီဖို့ အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးခဲ့တဲ့ အမြွှာညီအစ်မ

26-8-2021-yyl01.jpg

မိုင်ယာမီမြို့က ဟတ်ဒလေ (Hadley) နဲ့ ဒီလာနေး ရောဘတ်ဆန် (Delaney Robertson) ဆိုတဲ့ အမြွှာညီအစ်မ (၂) ယောက်ကတော့ ကျောရိုးအထိန်းသိုင်းကြိုးကို အသုံးပြုနေရတဲ့လူတွေကို ကူညီပေးဖို့အတွက် BraceTrack အမည်ရတဲ့ အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးခဲ့ကြပါတယ်။ အသက် ၁၅ နှစ်အရွယ် အဲဒီအမြွှာညီအစ်မ (၂) ယောက်လုံးကလည်း ၂၀၁၈ခုနှစ် အသက် ၁၂ နှစ်အရွယ်မှာ ကျောရိုးစောင်းရောဂါကို ခံစားခဲ့ရတာပါ။ အမေရိကန်နိုင်ငံမှာ ကျောရိုးစောင်းရောဂါဟာ လူဉီးရေရဲ့ (၂-၃) ရာခိုင်နှုန်းအပေါ် သက်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။ ကျောရိုးစောင်းရောဂါက မွေးကင်းစမှာလည်း ဖြစ်နိုင်သလို အသက် ၁၀ နှစ်နဲ့ အသက် ၁၅ နှစ်ကြားမှာလည်း ဖြစ်နိုင်ပါတယ်။

ဒီလာနေးရဲ့ကျောရိုးစောင်းရောဂါက ကုသမှုမလိုအပ်ခဲ့ပေမဲ့ ဟတ်ဒလေရဲ့ကျောရိုးစောင်းနေတာက ၂၀ ဒီဂရီထက် ပိုကြီးနေပါတယ်။ ဆရာဝန်တွေက ဟတ်ဒလေရဲ့ကျောရိုး ဆက်ပြီး မစောင်းသွားစေဖို့ တစ်နေ့ကို ၁၈ နာရီလောက် ခါးပတ်ပြား ကျောရိုးထိန်းသိုင်းကြိုးကို ဝတ်ဆင်ထားဖို့ ညွှန်ကြားခဲ့ပါတယ်။ ဟတ်ဒလေက အကြောင်းတစ်ခုခုကြောင့် ခါးပတ်ပြားကျောရိုးထိန်းသိုင်းကြိုးကို ချွတ်ဖို့လိုအပ်တယ်ဆိုရင် နောက်တစ်နေ့ကျရင် အဲဒီအတွက် နာရီ (၂) ဝတ်ဆင်ရပါတယ်။ ၂၀၂၀ခုနှစ် ဇွန်လမှာတော့ ဟတ်ဒလေက ကျောရိုးထိန်းသိုင်းကြိုးဝတ်ဆင်စရာမလိုတော့ပါဘူး။ ကျောရိုးထိန်းသိုင်းကြိုးက မာကြောတဲ့ပလတ်စတစ်နဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် ဝတ်ဆင်ရတာ သက်တောင့်သက်သာမရှိ၊ ပူအိုက်တယ်။ အားကစားလုပ်ရင်လည်းအတော်လေးခက်ခဲတာကို ဟတ်ဒလေ ကိုယ်တိုင်ခံစားခဲ့ရတဲ့အတွက် အခြားသူတွေအပေါ် ကိုယ်ချင်းစာမိခဲ့တယ်။

ဟတ်ဒလေ နောက်ထပ်အခက်ခဲတွေ့ခဲ့တာတစ်ခုက သူ ဝတ်ဆင်ခဲ့တဲ့ အချိန်ကို ဘယ်လို အမှတ်အသားလုပ်မလဲဆိုတာကို အဖြေရှာရတာပဲ။ အဲဒါအတွက် ဟတ်ဒလေက Notepad, ဝိုက်ဘုတ်တို့ကို အသုံးပြုကြည့်ခဲ့တယ်။ App Store က အကူအညီဖြစ်မယ့် အက်ပလီကေးရှင်းတွေကိုလည်း ရှာဖွေကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်မဖြစ်ခဲ့တဲ့အတွက် သူတို့ညီအစ်မတွေ ကိုယ်တိုင် အက်ပလီကေးရှင်းဖန်တီးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဟတ်ဒလေတို့ကဘယ်လို function တွေက အဲဒီရောဂါနဲ့လူတွေကို အကောင်းဆုံးလုပ်ဆောင်ပေးမလဲဆိုတာကို အဖြေရှာဖို့ ကျောရိုးစောင်းရောဂါနဲ့ပတ်သက်တာ၊ အက်ပလီကေးရှင်းဖန်တီးတာနဲ့ပတ်သက်တာတွေကို သုတေသနစတင်လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့အမြွှညီအစ်မတွေက သိပ္ပံ၊နည်းပညာ၊အင်ဂျင်နီယာ၊ သင်္ချာဘာသာရပ်တွေကို လေ့လာရတာ စိတ်ဝင်စားတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမဲ့ အက်ပလီကေးရှင်းဖန်တီးဖူးတဲ့အတွေ့အကြုံတော့မရှိကြပါဘူး။

သူတို့တွေက တော်တော်လေး သုတေသနလုပ်ခဲ့ကြရပြီး App Store ထဲ ထည့်ပြီး ဖုန်းအားလုံးနဲ့ ကိုက်ညီစေမယ့် အရာအားလုံးလုပ်ဖို့အတွက် App Developer တစ်ယောက်နဲ့အတူတူ တွဲလုပ်ခဲ့ကြပါတယ်။ ၂၀၁၉ခုနှစ် မေလမှာ အဲဒီ အက်ပလီကေးရှင်းတရားဝင်ထွက်ရှိခဲ့ပါတယ်။

BraceTrack က ဆေးဘက်ဆိုင်ရာအက်ပလီကေးရှင်းဖြစ်ပြီး အသုံးပြုသူတွေကို ကူညီပေးဖို့အတွက် Function တော်တော်များများပါဝင်ပါတယ်။ အဲဒါက တစ်နေ့ကို လူတစ်ယောက်က ကျောရိုးထိန်းသိုင်းကြိုးကို ဘယ်လောက်ကြာကြာဝတ်ဆင်မလဲဆိုတာကို အမှတ်အသားလုပ်နိုင်သလို သူတို့ရဲ့ ကျောရိုးထိန်းသိုင်းကြိုးကို ချွတ်ဖို့ လိုအပ်တဲ့ အခြားနေ့အတွက် အချိန်ပို ဘယ်လောက်ရှိမလဲဆိုတာလည်း သိနိုင်ပါတယ်။ ကျောရိုးထိန််းသိုင်းကြိုးဝတ်ဆင်ခဲ့တဲ့ History ကိုလည်း သိမ်းထားနိုင်ပါတယ်။ အသုံးပြုသူတွေက အက်ပလီကေးရှင်းမှာ သိမ်းထားတဲ့ဒေတာတွေအားလုံးနဲ့အတူ Report တစ်ခုကိုလည်း ဖန်တီးလို့ရပြီး ဆရာဝန်တွေနဲ့ ဆွေမျိုးတွေဆီ ပေးပို့လို့ရပါတယ်။

အမြွှညီအစ်မရဲ့အက်ပလီကေးရှင်းက အသုံးပြုသူတွေဆီက ကောင်းတဲ့တုံ့ပြန်ချက်တွေလည်းရခဲ့ပါတယ်။ ဟတ်ဒလေနဲ့ ဒီလာနေးတို့ဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီလက ငွေကြေးမတက်နိုင်တဲ့ ကလေးတွေနဲ့ မိသားစုတွေရဲ့ ကျောရိုးထိန်းသိုင်းကြိုးအတွက် ရန်ပုံငွေထောက်ပံ့ပေးဖို့ ရည်ရွယ်တဲ့ အကျိုးအမြတ်မယူတဲ့ Brace for Impact ဆိုတဲ့ အဖွဲ့အစည်းကို တည်ထောင်ခဲ့ပါသေးတယ်။ လက်ရှိအချိန်အထိ Brace for Impact က ကျောရိုးစောင်းရောဂါကုသပေးနေတဲ့ ဆေးရုံတွေအတွက် ဒေါ် လာ ၁၂၀,၀၀၀ ရန်ပုံငွေရှာပေးနိုင်ခဲ့ပါပြီ။

Ref: ABCNews “Twin sisters develop app to help people with scoliosis”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top