တင်နက်ဆီပြည်နယ်က အမြွှာညီအစ်မကတော့ သူတို့မွေးနေ့၊ တစ်နေ့တည်းမှာပဲ သူတို့ရဲ့ကလေးတွေကို မွေးဖွားခဲ့ကြပါတယ်။ အမ်ဘာ ထရာမွန်တာနာ (Amber Tramontana) နဲ့ အော်တွန် ရှော (Autum Shaw) ဆိုတဲ့ အမြွှာညီအစ်မက Fort Sanders Regional Medical Center မှာပဲ မိနစ် (၉၀) ခြားပြီး ကလေးမွေးဖွားခဲ့ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/11/9-11-2020-yyl-019.jpg)
“အော်တွန် ကလေးမွေးတဲ့အချိန်မှာ ကလေးငိုသံလေးကို ကျွန်မတို့ ကြားခဲ့ရတယ်။ မိနစ် ၉၀ အကြာမှာတော့ ကျွန်မ ကလေးမွေးခဲ့တယ်”လို့ အမ်ဘာက ပြောပါတယ်။ အမ်ဘာနဲ့သူ့ခင်ပွန်း ဂျင်မ်တို့က (၇) ပေါင် (၂) အောင်စ အလေးချိန်ရှိတဲ့ ဘလိတ်ခ်လီ ဂျင်မ် (Blakely Jim) ကို ပိုင်ဆိုင်ခဲ့ရသလို အော်တွန်နဲ့သူ့ခင်ပွန်း စကော့တ်တို့က (၉) ပေါင် (၄) အောင်စရှိတဲ့ သမီးလေးကို ချာလက်စတန်စကော့တ်လို့ အမည်ပေးထားပါတယ်။ အမြွှာညီအစ်မ (၂) ဦးစလုံးရဲ့ကလေးမီးဖွားမယ့်ရက်က သူတို့ ၃၃ နှစ်ပြည့်မယ့် ရက် အောက်တိုဘာ ၂၉ ရက်နေ့ ဖြစ်ခဲ့ပါတယ်။ အမ်ဘာက အော်တွန်ထက် (၂) မိနစ်ကြီးပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/11/9-11-2020-yyl-020.jpg)
အမ်ဘာနဲ့ အော်တွန်တို့မှာ သက်တူရွယ်တူသားလေးတွေလည်းရှိပါသေးတယ်။ “ကျွန်မတို့ရဲ့ဘဝတစ်လျှောက်မှာ အရာအရာတိုင်းကို အတူတူလုပ်ခဲ့ရပါတယ်။ သူနာပြုကျောင်းကို အတူတက်ခဲ့ရပြီး တစ်ချိန်တည်းမှာ သားလေးတွေကို ကိုယ်ဝန်လွယ်ခဲ့ရပြီး သမီးလေးတွေကိုလည်း တစ်ရက်တည်းမှာပဲ မွေးဖွားခဲ့ရတယ်”လို့ အော်တွန်က ပြောပါတယ်။ အမ်ဘာနဲ့အော်တွန်တို့က တစ်ချိန်တည်းမှာ ကိုယ်ဝန်ဆောင်မယ်လို့ စီစဉ်ခဲ့ကြတာမဟုတ်ပါဘူး။ အော်တွန်က သားလေးမွေးဖွားခဲ့ပြီးတဲ့နောက်မှာ ကလေးယူဖို့ခက်ခဲခဲ့ပါတယ်။ ၂၀၁၉ခုနှစ် ခရစ်စမတ်နေ့မှာ ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက်မှာမှ သူနဲ့သူ့အစ်မတို့ (၂) ဦးစလုံးက ကိုယ်ဝန်လွယ်ပြီး တစ်ရက်တည်းမှာ ကလေးမွေးဖွားရမယ်ဆိုတာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/11/9-11-2020-yyl-021.jpg)
အမြွှာညီအစ်မရဲ့ကလေးတွေကို ဒေါက်တာ ဂျော့ဂျ် ဗစ်ခ် (George Vick) က မွေးဖွားပေးခဲ့တာပါ။ ဒေါက်တာဂျော့ဂျ်က မွေးနေ့တစ်ရက်တည်းမှာပဲ အမြွှာတွေကို ကလေးမွေးဖွားပေးခဲ့ဖူးတာမျိုး သူ့ဆရာဝန်သက်တမ်းတစ်လျှောက်မှာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ အမ်ဘာနဲ့အော်တွန်တို့ကတော့ သူတို့ရဲ့သမီးမိန်းကလေးတွေ အတူတူကြီးပြင်းလာမှာဖြစ်တဲ့အတွက် မွေးနေ့ကျင်းပပေးဖို့ မျှော်လင့်နေပါတယ်။
Ref: ABC “Twin sisters give birth 90 minutes apart, on their birthday”
WL (ရိုးရာလေး)