ရွေးကောက်ပွဲအလွန်မှာ စောင့်ကြည့်ရမယ့် နိုင်ငံရေးရလဒ်

9-11-2020-yyl-022.jpg

၂၀၂၀ ရွေးကောက်ပွဲကတော့ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကိန်းဂဏန်းအချက်အလက်တွေကို မထုတ်ပြန်သေးပေမဲ့ (ယခု စာရေးနေချိန်အထိ) လာရောက်မဲပေးသူ များပြားခဲ့ပြီး NLD ပါတီလည်း ၂၀၁၅ ခုနှစ်ကအတိုင်း အစိုးရဖွဲ့နိုင်မယ့် အလားအလာ ရှိနေတာ တွေ့ရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေ နိုင်ငံရေးကို ဘယ်လောက်စိတ်ဝင်တစား ရှိကြလဲဆိုတဲ့အချက်ကို Voter turnout ( ရွေးကောက်ပွဲမှာ လာရောက်မဲပေးသူပမာဏ)နဲ့ တိုင်းတာကြလေ့ရှိပါတယ်။ ဒီတော့ မဲပေးသူပမာဏ များပြားတယ်ဆိုတာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ပါပဲ။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ မဲပေးခဲ့သူအားလုံးအတွက် ဂုဏ်ယူမိပါတယ်။ ( မဲပေးသူတွေအတွက် ဂုဏ်ယူပေမဲ့ မဲမပေးခဲ့ဘူးဆိုရင်လည်း သူ့ရဲ့ ရွေးချယ်ပိုင်ခွင့်ပဲဖြစ်လို့ ဝေဖန်ရှုတ်ချတာမျိုးမလုပ်သင့်ပါဘူး။ အဲဒီလို မတူကွဲပြားမှုကို လက်ခံတယ်ဆိုတာ နိုင်ငံရေးသိမှု မြင့်မားတယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်)

ရွေးကောက်ပွဲကာလမှာ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးရတာဆိုတော့ ပါတီတွေကြားမှာ တစ်ဖက်နဲ့တစ်ဖက် ဝေဖန်ထောက်ပြတာမျိုး ရှိကြပါတယ်။ ဘယ်နိုင်ငံက ရွေးကောက်ပွဲမှာမဆို ဒီလိုအခြေအနေမျိုး ရှိစမြဲပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ တင်းမာမှုတွေဟာ ရွေးကောက်ပွဲကျော်လွန်သွားတာနဲ့ ပြေလျော့သွားဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ဂျိုးဘိုင်ဒင်ရဲ့စကားကို ကိုးကားရရင်တော့ ” မဲဆွယ်စည်းရုံးရေးကာလ ပြီးဆုံးသွားပါပြီ။ ဒေါသတွေ၊ တင်းမာတဲ့ နိုင်ငံရေးဟောပြောမှုတွေကို ချန်ရစ်ထားပြီး နိုင်ငံတစ်နိုင်ငံအဖြစ် စည်းလုံးရမယ့် အချိန်ရောက်ပါပြီ”ဆိုသလိုပေါ့။

ပြည်သူသာလျှင် အဆုံးအဖြတ်၊ ကိုယ့်နိုင်ငံ တိုးတက်ရေးသာ ပဓာနဆိုတဲ့ နိုင်ငံရေးခံယူချက်ရှိမယ်ဆိုရင် ရလဒ်မကောင်းတဲ့ ပါတီတွေကလည်း ရွေးကောက်ပွဲရလဒ်ကို ကျေကျေနပ်နပ် လက်ခံကြမယ်၊ ရလဒ်ကောင်းတဲ့ ပါတီတွေကလည်း ဘယ်သူ့ကိုမှ မပုတ်ခတ်၊ မဝေဖန်ဘဲ လာမယ့် ၅ နှစ်မှာ နိုင်ငံအကျိုး၊ ပြည်သူအကျိုးအတွက် ဘာတွေဆောင်ရွက်မလဲဆိုတာ စဉ်းစားရတော့မှာပါ။ တကယ်တော့ ရွေးကောက်ပွဲမှာ အနိုင်ရတယ်ဆိုတာ ” သွားချင်တဲ့ ခရီးတစ်ခုအတွက် ရထားလက်မှတ်၊ ကားလက်မှတ်ရတဲ့ အဆင့်ပါ၊ ခရီးရောက်သွားတဲ့ အဆင့်မဟုတ်သေးပါဘူး”။ ဆိုလိုတာကတော့ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးရလဒ်နဲ့ မတူဘူးဆိုတာပါပဲ။ တချို့မဲပေးသူတွေဆိုရင် ကိုယ့်မြို့နယ်မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေက ဘယ်သူ၊ ဘယ်ဝါဆိုတာတောင် သိကြတာမဟုတ်ဘဲ ပါတီကိုပဲ ကြည့်ပြီး မဲပေးခဲ့ကြတာပါ။

အဲဒီအခြေအနေကိုကြည့်ရင် ပြီးခဲ့တဲ့ ၅ နှစ် နိုင်ငံရေးရလဒ်ကိုကြည့်ပြီး ဒီရွေးကောက်ပွဲမှာ မဲပေးတဲ့သူအရေအတွက်က တော်တော်နည်းပါတယ်။ အမှန်အတိုင်းပြောရရင် ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း အာဏာရပါတီ လွှတ်တော်အမတ်တချို့မှာ လိုအပ်ချက်တွေ ရှိခဲ့တာ အားလုံးအသိပါပဲ။ တချို့ဆိုရင် ကိုယ့်မဲဆန္ဒနယ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာတောင် မသိတာမျိုး ရှိပါတယ်။ အဲဒီလိုအပ်ချက်တွေကို လာမယ့် ၅ နှစ်တာကာလမှာ ပြင်ဆင်ဖို့၊ ရွေးကောက်ပွဲရလဒ်ကောင်းသလို နိုင်ငံရေးရလဒ်ကောင်းဖို့လည်း ကြိုးစားကြဖို့ တိုက်တွန်းရင်း အဆုံးသတ်ပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top