မိုးရေအောက်မှာ အိမ်စာလုပ်နေတဲ့ ကလေးမလေး

still-hope.jpg

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ အသက် ၈ နှစ်အရွယ် လိုရန်ဆာလီ အယ်လီနီ ဒိုလ်ဖို (Lorensalie Elaine Dolfo) ဆိုတဲ့ ကလေးမလေးတစ်ယောက်ဟာ မိုးရေတွေအောက်မှာ အိမ်စာတွေကို ပြီးအောင်ပြုလုပ်နေရတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

သူတို့မိသားစုဟာ အိမ်ယာမဲ့ဖြစ်သွားပြီးနောက် သူ့အဖေ အမေနဲ့ သူ့ညီမလေးအပါအဝင် မိသားစုလေးယောက်စလုံးဟာ လမ်းဘေးမှာ နေ နေကြရတာဖြစ်သလို သူ့အဖေဟာလည်း တော်တော်လေး နေမကောင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီကလေးမလေး အယ်လီနီဟာ လေတွေ မိုးတွေ တိုက်နေတာကို အံတုပြီး သူရဲ့အိမ်စာတွေကို ပြီးအောင်လုပ်ဖို့ ဆုံးဖြတ်ထားကာ အလွန်သည်းထန်နေတဲ့ မိုးတွေရွာနေချိန်မှာ ကုတ်အင်္ကျီတစ်ထည်ကို ခြုံပြီး သူ့အလုပ်ကို ပြီးမြောက်အောင်လုပ်နေခဲ့တာ ဖြစ်ပါတယ်။ သူ့အမေကတော့ ဘေးမှာအိပ်နေတာကို တွေ့ရပါတယ်။ မိုးတွေ ရွှဲရွှဲစိုနေပြီး လေတိုက်နေလို့ စာအုပ်တွေ လန်နေတဲ့ကြားထဲက ခဲတံနဲ့ စာရေးနိုင်အောင် သူက ကြိုးစားနေခဲ့ပါတယ်။

“သမီးအတန်းထဲမှာ ပထမရချင်တယ်။ ဒါမှ အလုပ်ကောင်းကောင်း ရပြီး သမီးရဲ့ မိသားစုကို ကူညီလို့ရမှာလေ။ အိမ်စာတွေ ပြီးအောင်လုပ်မှ ဖြစ်မယ်” လို့ လမ်းမှာ ဖြတ်သွားခဲ့တဲ့ ရော်လန်ဒိုကို ပြောပြခဲ့တာပါ။

သူ့ရဲ့အဖေဟာ သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ယောက်ဖြစ်ပြီး နာမကျန်းဖြစ်နေတာကြောင့် အလုပ် မလုပ်နိုင်ဘဲ ဖြစ်နေရပါတယ်။ ဒါကြောင့်ပဲ သူတို့မိသားစုဟာ ငှားနေခဲ့တဲ့ အိမ်ပေါ်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆင်းပေးခဲ့ရတာပါ။

အယ်လီနီဟာ မနီလာမြို့က Aurora Quezon Elementary ကျောင်းမှာတက်နေတဲ့ Grade 3 ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။

ရော်လန်ဒိုက “ကလေးမလေးဟာ ပညာရေးက ဘဝအတွက် အရေးကြီးတယ်ဆိုတာ နားလည်ထားပုံရပါတယ်။ အိမ်က ကလေးတွေကိုလည်း ဒီလို ပညာရေးဟာ ဘယ်လောက်အရေးပါလဲဆိုတဲ့ အခုလို အသိတရားမျိုး ရှိစေချင်ပါတယ်။ အယ်လီနီဟာ ဘဝမှာ အောင်မြင်မယ့် ကလေးမျိုး ဖြစ်ပါတယ်။ တကယ်လည်း ထက်ထက်မြက်မြက်ရှိတဲ့သူဖြစ်ပြီးတော့ နေ နေတဲ့အိမ် ဆုံးရှုံးလို့ သက်တောင့်သက်သာ မဟုတ်တဲ့ အခြေအနေမှာတောင် ကျားကုတ်ကျားခဲ ကြိုးစားချင်စိတ်ရှိနေတယ်” လို့ ချီးကျူး ပြောပြခဲ့ပါတယ်။

Ref: Daily Mail “Determined girl, 8, battles through the rain to complete her homework after her family became homeless during monsoon season in the Philippines when her father became sick to work”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top