Eduard Folayang ၏နောက်ကွယ်မှ အနစ်နာခံ ပံ့ပိုးကူညီပေးသူတစ်ဦး

Eduard-Folayang-at-the-ONE-MASTERS-OF-FATE-Open-WorkoutBBB_1335-1200x800.jpg

လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်မှစ၍ Eduard “Landslide” Folayang ဆိုသောအမည်သည် ဖိလစ်ပိုင်ကိုယ်ခံပညာသိုင်းပေါင်းစုံအားက စားလောကနှင့် ဘယ်လိုမှခွဲခြားမရသော အမှတ်သင်္ကေတတစ်ခုလိုဖြစ်ခဲ့သည်။ ဘာဂွီအိုမြို့တွင် မွေးဖွားခဲ့သော ၎င်းသည် ကစားသမား ဘဝတစ်လျှောက် ဖိလစ်ပိုင်နိုင်ငံအတွက် ဆုတံဆိပ်ပေါင်းများစွာဆွတ်ခူးပေးနိုင်ခဲ့ပြီး ထိုအထဲတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ ဝူရှူးရွှေတံဆိပ် ၃ ခု၊ ၂ ကြိမ်ခန့်ရယူနိုင်ခဲ့သော ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်လည်း ပါဝင်သည်။ အောင်မြင်မှုများရရှိနေ သော လူသားတစ်ဦးအနေဖြင့် အဆိုပါအောင်မြင်မှုများရယူခဲ့ရာတွင် ကိုယ်ပိုင်အစွမ်းအစ၊ ဝါသနာ၊ အနစ်နာ၊ ကြိုးစားအားထုတ်မှု၊ စိတ်ရှည်သည်းခံမှုများ ပေးဆပ်ခဲ့ရသော်လည်း နောက်ကွယ်မှ ကူညီပံ့ပိုးပေးခဲ့သူများ လည်း ရှိတတ်သည်။

မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်း၊ မိတ်ဆွေသူငယ်ချင်းများသာမက နှလုံးသားချင်းနီးစပ်သူများ၏ ပံ့ပိုးကူညီမှု၊ အကြံကောင်းဉာဏ်ကောင်း များကြောင့် လမ်းမှားပေါ်မှ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ပြန်လည်တက်လှမ်းလာခြင်းမျိုး၊ အနာဂတ်လမ်းပျောက်နေရာမှ အောင်မြင် မှုကို လှမ်းဆုပ်နိုင်သော အခြေအနေမျိုးအထိ တက်လှမ်းနိုင်ခဲ့သူ အများအပြားရှိသည်။ Folayang ၏ဘဝတွင်လည်း အောင်မြင်သည့် အားကစားသမားတစ်ဦးအဖြစ် ရပ်တည်လာနိုင်ခြင်း၏နောက်ကွယ်တွင် အနစ်နာခံပေးဆပ်ကာ အကြံဉာဏ်ကောင်းများပေးခဲ့သူတစ်ဦးရှိ သည်။ ထိုသူက အခြားမဟုတ်ပါ။ ၎င်း၏ ကြင်သူသက်ထား ဇနီးမယားပင်ဖြစ်သည်။ Team Lakay အသင်းသား Folayang ၏ ဇနီး သည်မှာလည်း ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို ဝါသနာပါသူဖြစ်ပြီး အသွင်တူ၍ အိမ်သူဖြစ်လာသည့် ချစ်ခင်နှစ်သက်စရာ ဇနီး ချောလေးကို ပိုင်ဆိုင်ခွင့်ရထားသည့်အတွက်လည်း ၎င်းက ကျေနပ်ပျော်ရွှင်နေသည်။

Folayang သည် Team Lakay တွင် နည်းပြ Mark Sangaio ၏ သင်ကြားပေးမှုကိုခံယူကာ အောင်မြင်ကျော်ကြားသည့် အားကစားသ မားတစ်ဦးဖြစ်ရန် ရည်မှန်းကြိုးစားနေချိန်တွင် ၎င်း၏ဘဝထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာမည့်သူတစ်ဦး ရောက်ရှိလာခဲ့ သည်။ အဆိုပါပုဂ္ဂိုလ်က Team Lakay တွင် ကိုယ်ခံပညာရပ်များသင်ယူရန်ရောက်ရှိလာသည့် Genevieve အမည်ရှိသော ချောမောလှ ပသည့် မိန်းမချောလေးတစ်ယောက်ဖြစ်သည်။ ထိုအချိန်က ၂၀၀၈ ခုနှစ်အတွင်းဖြစ်ပြီး လေ့ကျင့်မှုများကို အတူပြုလုပ်ခဲ့သော်လည်း Genevieve က သိမ်သိမ်မွေ့မွေ့၊အေးအေးဆေးဆေးနေတတ်သလို စစ်သည်တော်တစ်ဦးလို တက်ကြွသော အမူအရာရှိသောကြောင့် ရင်းနှီးမှုရယူချင်ခဲ့ကြောင်း ၎င်းက ဝန်ခံသည်။

“ကျွန်တော်တို့နှစ်ယောက် စတွေ့ခဲ့တာက အားကစားလေ့ကျင့်ရေးခန်းမမှာပါ။ သူကလည်း ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား တစ်ယောက်ပဲ။ ကျွန်တော်တို့နှစ်ယောက် အခုလို အိမ်ထောင်ပြုဖြစ်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါဘူး။ ဒါပေမဲ့ သူက ထူးခြားတဲ့လူတစ်ယောက်လို့တော့ ကျွန်တော်ခံစားမိတယ်။ ကျွန်တော်တို့က သာမန်သူငယ်ချင်း တွေပါပဲ။ Genevieve ကို သူ့သူငယ်ချင်းက ကျွန်တော်တို့ဆီမှာ လေ့ကျင့်ဖို့တိုက်တွန်းခဲ့တာ။ အဲဒီမှာ ကျွန်တော်တို့ တစ်ယောက်ကိုတစ် ယောက် မိတ်ဆက်ကြ တယ်။ ကိုယ်ခံပညာရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဝေမျှကြတယ်။ အဲဒါက ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို နောက်တစ်ဆင့်တက်စေခဲ့တာပါပဲ။ သူ့အကြောင်း ပိုသိချင်လာတယ်။ သူ ဘယ်လိုကြီးပြင်းလာတယ်၊ ဘာကြိုက်တတ် တယ်ဆို တာတွေရောပေါ့။ နောက်ပိုင်းမှာ ကျွန်တော်တို့နှစ်ယောက် အပြင်မှာတွေ့ဖြစ်ကြတယ်” ဟု အသက် ၃၅ နှစ်အရွယ် Folayang က ဇနီးချောနှင့် စတင်ဆုံတွေ့ပုံကို ပြန်ပြောင်းဖွင့်ဟသည်။

Folayang သည် ဘဝတစ်လျှောက် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား၏ စံတန်ဖိုးများအတိုင်းနေထိုင်ကျင့်သုံးသလို နှိမ့်ချရိုသေမှု၊ လေးစားမှု၊ သနားကရုဏာထားရှိမှုများနှင့်အတူ ကျင်လည်ဖြတ်သန်းခဲ့သူဖြစ်သည်။ Genevieve ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံအားက စားအပေါ် ခံယူချက်နှင့် နေထိုင်ဖြတ်သန်းပုံများလည်း ၎င်းအတိုင်းပင်ဖြစ်သောကြောင့် ပိုမိုစိတ်ဝင်စားလာခဲ့သည်ဟုလည်း Folayang က ဝန်ခံသည်။ ဆန့်ကျင်ဘက်လိင်အပေါ် စွဲလန်းမြတ်နိုးစိတ်က တဖြည်းဖြည်းယိုဖိတ်လာခဲ့ပြီးနောက် မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးမှ တဆင့် ချစ်သူရည်းစားဆက်ဆံရေးမျိုး ကူးပြောင်းလာခဲ့သည်ဟု ၎င်းကဆိုသည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် Folayang သည် ၎င်းတို့ ၏ဆက်ဆံရေးကို တစ်ဆင့်တက်သည့်အနေဖြင့် ထူးခြားသည့်လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။ ထိုလုပ်ရပ်မှာ အခြားမဟုတ်ဘဲ တစ်ဘဝလုံးအတွက်ရည်ရွယ်ကာ မေတ္တာသက်ဝင်ချစ်မြတ်နိုးမှုကိုပြသသည့်အနေဖြင့် Team Lakay အားကစားလေ့ကျင့်ရေးခန်းမထဲ မှာပင် ဒူးထောက်ကာ ချစ်ခွင့်ပန်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဧပြီလတွင်တော့ ၎င်းတို့နှစ်ဦးကြား ထာဝရသစ္စာတည်မြဲမှုကို သက်သေပြသသည့်အနေဖြင့် မွေးရပ်မြေဘာဂွီအိုတွင် မင်္ဂလာ လက်ထပ်ပွဲဆင်နွှဲခဲ့ပြီး လက်ရှိအချိန်တွင်မူ ချစ်စရာသမီးငယ်လေးနှစ်ဦးနှင့် သာယာနာပျော်ဖွယ် အိမ်ထောင်စုလေးကို ဖန်တီးတည် ဆောက်နိုင်ခဲ့ပြီလည်းဖြစ်သည်။ Folayang က ၎င်းတို့၏နေအိမ်ကို ဉာဏ်ပညာဖြင့်တည်ဆောက်ထားသလို နားလည်မှုများဖြင့် ထုံမွှမ်း ခြယ်သထားသည်ဟုလည်း ဥပမာပေးသည်။ အခက်အခဲများ ကြုံတွေ့လာလျှင်လည်း နှစ်ဦးသားဆွေးနွေးတိုင်ပင်ကာ နားလည်မှုမရမချင်း ဖြေရှင်းလေ့ရှိသည်ဟုလည်း ဖွင့်ဟသည်။ အိမ်ထောင်သည်တစ်ဦးအဖြစ် ခံယူခဲ့ပြီးနောက် Genevieve သည် ၎င်းချစ်ခင်မြတ်နိုးသည့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို စွန့်လွှတ်ခဲ့ရသော်လည်း ခင်ပွန်းနှင့် သမီးလေးများအတွက် စံပြမိခင်ကောင်းတစ်ဦးဖြစ်အောင် နေထိုင်ခဲ့သည်။

ခင်ပွန်းသည် ရှုံးနိမ့်ချိန်တွင် ဘေးမှနေ၍ စိတ်ဓာတ်မကျစေရေးအတွက် အကြံကောင်းဉာဏ်ကောင်းများပေးသလို အောင်မြင်နေချိန်တွင် လည်း အပျော်ကို မျှဝေခံစားခဲ့သည်။ Folayang ကလည်း ဇနီးသည်၏ စွန့်လွှတ်အနစ်နာခံမှုများကို အသိအမှတ်ပြုခဲ့ပြီး ၎င်း၏ပံ့ပိုးကူညီ မှုကိုသာ မရရှိခဲ့ပါက အောင်မြင်သည့်အားကစားသမားကောင်းတစ်ယောက်ဖြစ်လာမည်မဟုတ်ဟုလည်း ပြောသည်။ Genevieve သည် ခင်ပွန်းဖြစ်သူ နိုင်ငံရပ်ခြားတွင် လေ့ကျင့်နေသည့်အချိန်နှင့် ပြိုင်ပွဲများယှဉ်ပြိုင်မည့်အချိန်မျိုးတွင် အကြံဉာဏ်များပေးလေ့ရှိပြီး ဇနီးသည် မှာ ၎င်း၏ဘဝတွင် ကြီးမားသောအစိတ်အပိုင်းတစ်ရပ်အဖြစ်ရှိနေသည်ဟု Folayang က ဆိုသည်။ ဇနီးနှင့်သမီးများက ကစားသမားဘဝ အတွက် လှုံ့ဆော်မှုများပေးသလို ပြိုင်ပွဲများယှဉ်ပြိုင်နေသည်မှာလည်း မိသားစုအတွက်ဖြစ်သည်ဟု ဖိလစ်ပိုင်အားကစားသမားက ပြော သည်။

Folayang သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် မနီလာမြို့၌ကျင်းပမည့် ONE: MASTERS OF FATE ပြိုင်ပွဲတွင် တက်သစ်စ မွန်ဂို လီးယားအားကစားသမား Amarsanaa “Spear” Tsogookhuu နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ၂ ပွဲဆက်တိုက်ရှုံးနိမ့်ထားမှုကို ပြန်လည် ချေဖျက်နိုင်ရန် ကြိုးစားလေ့ကျင့်လျက်ရှိသည်။ ဖိလစ်ပိုင်ပရိသတ်များရှေ့မှောက်တွင် Tsogookhuu နှင့်ယှဉ်ပြိုင်ရမည့် ဒုတိယအဓိကတွဲ ဆိုင်းတွင်သာ အနိုင်ရလဒ်ကိုဖော်ဆောင်နိုင်ခဲ့ပါက Folayang သည် ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသမား Christian “The Warrior” Lee ၏ စိန်ခေါ်သူအဆင့်သို့ ပြန်လည်တက်လှမ်းနိုင်ခြေရှိနေပေသည်။

ONE : Master of Fate ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Mall Of Asia Arena အားကစားကွင်းတွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း တွဲဆိုင်းပေါင်း ၁၄ဆိုင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top