လက်ရှိချန်ပီယံ ရီးရဲလ်နဲ့ ဒေါ့မွန် ချန်ပီယံလိဂ်က ထွက်ခဲ့ရ

f1.jpg

ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ရီးရဲလ်ဟာ အိမ်ကွင်းမှာ အေဂျက်စ်ကို ၁-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၃-၅ ဂိုးနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်က ထွက်ခဲ့ရပါတယ်။ ပွဲချိန် (၇) မိနစ်မှာ တာဒစ်ရဲ့ဖန်တီးမှုကနေ ဇီယက်က ကန်သွင်းပြီး အေဂျက်စ်အတွက် အဖွင့်ဂိုး သွင်းပေးခဲ့ပါတယ်။ နောက် (၁၀) မိနစ်အကြာမှာလည်း အေဂျက်စ်ကွင်းလယ်လူ တာဒစ်က ကက်စမဲရိုးကို (ဇီဒန်းအကွက်ဟု လူသိများသည့် ခန္ဓာကိုယ် တစ်ပတ်လှည့် ဘောလုံးလှည့်ထွက်မှုဖြင့်)လှလှပပ လှည့်ထွက်ပြီး ထိုးပေးတာကို နီရက်စ်က ဂိုးသမားကို ကျော်ဖြတ်ပြီး ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

ပွဲပယ်ပြစ်ဒဏ်ကြောင့် ရာမို့စ် မပါနိုင်တဲ့ ရီးရဲလ် ခံစစ်ပိုင်းဟာ အေဂျက်စ်အသင်းရဲ့ မြန်ဆန်တဲ့ တိုက်စစ်ပိုင်းကို ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။ စောစောစီးစီး (၂) ဂိုးပေးလိုက်ရလို့ ရီးရဲလ် ဖိအားများခဲ့သလို ပထမပိုင်းမှာပဲ ဗင်နီရှပ်ဂျူနီယာနဲ့ လူးကပ်စ်ဗက်စ်ကွက်တို့ ဒဏ်ရာရသွားလို့ လူစားလဲခဲ့ရတဲ့အတွက် ရီးရဲလ် တိုက်စစ်အားနည်းသွားခဲ့ပါတယ်။

လူစားဝင်ကစားသမား ဘေးလ်ရဲ့ကန်ချက် တိုင်ထိထွက်ခဲ့လို့ ပထမပိုင်းမှာ ရီးရဲလ် ဂိုးမရခဲ့တာပါ။ ပွဲချိန် (၆၂) မိနစ်မှာ အေဂျက်စ်အသင်း တတိယဂိုးရခဲ့ပါတယ်။ ဘေးစည်းကျော်သလို ဖြစ်သွားတဲ့ အခြေအနေမှာ မာရောက်ဇီ ဘောလုံးဆယ်ပြီး ထိုးပေးလိုက်တာကို ဗန်ဒီဘိခ်က ထပ်ဆင့်ဖန်တီးပေးရာမှာ တာဒစ်က အပေါ်ထောင့်ထဲ လှလှပပ ကန်သွင်းယူခဲ့တာပါ။ ဒါပေမဲ့ VAR ဗီဒီယိုလက်ထောက်ဒိုင်နည်းပညာနဲ့ အဆုံးအဖြတ်ခံယူရာမှာ ကွင်းလယ်ဒိုင်က ဂိုးသတ်မှတ်ပေးခဲ့ပါတယ်။

(၂) ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တာဒစ်ဟာ ဒီပွဲရဲ့ ပွဲစဉ်တစ်လျောက် အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးခဲ့ပါတယ်။ တာဒစ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၅) ဂိုးသွင်း၊ (၃) ဂိုးဖန်တီးပြီး ဂိုးအများဆုံးစွမ်းဆောင်ပေးထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ပွဲချိန်မိနစ် (၇၀) မှာ ရီဂွယ်လွန်ရဲ့ဖန်တီးမှုကနေ အဆန်စီယိုက အဝေးတိုင်ဘက်ကို ကန်သွင်းပြီး ရီးရဲလ်အတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့ပေမဲ့ နောက် (၂) မိနစ်အကြာမှာပဲ လက်ဆီရှုန်းက ထောင့်ဖြတ်အနေအထား ပြစ်ဒဏ်ဘောကန်ချက်ကို တိုက်ရိုက်ကန်သွင်းပြီး အေဂျက်စ်အတွက် ပွဲသိမ်းဂိုး သွင်းပေးခဲ့ပါတယ်။ အေဂျက်စ်ဟာ ဥရောပ ရှုံးထွက်ပွဲစဉ်မှာ ပထမအကျော့ ရှုံးနိမ့်ခဲ့ပေမဲ့ ရီးရဲလ်ကို ပြိုင်ပွဲကထွက်အောင် လုပ်နိုင်ခဲ့တဲ့ ဒုတိယမြောက်အသင်း(၁၉၉၄-၁၉၉၅ ရာသီက အိုးဒန့်စ်ဘိုးကလပ်ပြီးနောက်)ဖြစ်လာခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားကို (၃) နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တဲ့ ရီးရဲလ်အသင်းကတော့ ရော်နယ်ဒိုနဲ့ ဇီဒန်းမရှိတော့ချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် လွှမ်းမိုးနိုင်မှုလည်း အဆုံးသတ်သွားခဲ့ပါတယ်။

ဒေါ့မွန်နဲ့ စပါးပွဲစဉ်မှာတော့ စပါးအသင်းက ဟာရီကိန်းရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အဝေးကွင်းနိုင်ပွဲရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ဝ-၄ ဂိုးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ စပါးဟာ ၂၀၁၀-၂၀၁၁ ရာသီနောက်ပိုင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ပထမအဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top