စပါးကို ပံ့ပိုးပေးနေတဲ့ AIA က မြန်မာနေရှင်နယ်လိဂ်ကို စပွန်ဆာပေး

yyl-033-8.jpg

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကို အဓိကပံ့ပိုးပေးနေတဲ့ AIA Group ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ AIA Myanmar က မြန်မာ့ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနေရှင်နယ်လိဂ်ကို Sponsor ပေးပြီး ပံ့ပိုးကူညီသွားတော့မှာ ဖြစ်ပါတယ်။

AIA Myanmar မြန်မာနဲ့အတူ AYA Bank ကလည်း မြန်မာနေရှင်နယ်လိဂ်(MNL)ကို ပံ့ပိုးကူညီသွားမှာ ဖြစ်ပြီး အခုလို ပံ့ပိုးနိုင်ဖို့အတွက် ဒီဇင်ဘာ ၁၇ ရက်၊ နံနက် ၉ နာရီခွဲက Junction City Office Tower မှာရှိတဲ့ AIA Myanmar ရုံးချုပ်မှာ Sponsorship စာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။

”ဘောလုံးအားကစားကို ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားအောင်လုပ်မယ့် လုပ်ငန်းစဉ်အတော်များများက ငွေကြေးနဲ့ ဆက်နွယ်နေပါတယ်။ ရရှိတဲ့ စပွန်ဆာတွေအပေါ်မူတည်ပြီး လိဂ်ပြိုင်ပွဲကို ဒီထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားမှာပါ”လို့ မြန်မာနေရှင်နယ်လိဂ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောပါတယ်။

ဒီစာချုပ်သက်တမ်းက ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ သုံးနှစ်သက်တမ်းဖြစ်ပြီးတော့ ပံ့ပိုးပေးသွား မယ့် အစီအစဉ်တွေထဲမှာ ငွေကြေးစပွန်ဆာပေးတာအပြင် ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးဖို့၊ မျိုးဆက်သစ်တွေကို မြေတောင်မြှောက်ပေးဖို့အတွက် ဆောင်ရွက်မယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းတွေအနေနဲ့ MNL-1 မှာ ၁၂ သင်း၊ MNL-2 မှာ ၈ သင်းရှိပြီး လာမယ့် ၂၀၂၀ မှာ U-19, U-20 တို့ကိုပါ ဆက်လက်တိုးချဲ့ တည်ထောင်သွားမှာဖြစ်တဲ့အတွက် MNL-1 Senior, MNL-2 Senior, MNL U-19, MNL U-20 ဆိုပြီး ဖြစ်လာတော့မှာပါ။

လက်ရှိအနေနဲ့ MNL ကို ပံ့ပိုးပေးနေတာကတော့ Main Sponsor ဖြစ်တဲ့ MPT အပြင် အခြားသော Co-Sponsor (၁၀)ခုကျော်လောက်ရှိပါတယ်။ အခုဆိုရင် AIA နဲ့ AYA တို့က Special Sponsor အဖြစ် အသစ် တိုးလာတာဖြစ်ပြီး အခြား Sponsor အသစ်တွေနဲ့လည်း ညှိနှိုင်းနေတယ်လို့ ဦးစိုးမိုးကျော်က ပြောပါတယ်။ အခုလို စပွန်ဆာပေးတဲ့ AIA Myanmar ဟာ ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ AIA ရဲ့ ကုမ္ပဏီခွဲဖြစ်ပြီး AYA Bank ကတော့ ဘဏ်ခွဲပေါင်း ၂၅၈ ခုရှိတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ပုဂ္ဂလိက ဘဏ်တစ်ခု ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top