ကိုဗစ်ရောဂါပိုး ကမ္ဘာမှာမရှိဘူးလို့ ယုံကြည်ထားတဲ့ Fitness Influencer ကိုဗစ်ကြောင့် သေဆုံး

19-10-2020-yyl-001.jpg

အသက် ၃၃ နှစ်အရွယ် Fitness Influencer အမျိုးသားတစ်ဦးဖြစ်သူ ဒီမစ်ထရီရ် စတူဇ်ဟူခ် (Dmitriy Stuzhuk) ဟာ တူရကီအလည်အပတ်ခရီးကနေ ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီးတဲ့နောက်မှာ သေဆုံးသွားခဲ့ပါတယ်။ သူဟာ ခန္ဓာကိုယ်ကျစ်လျစ်တောင့်တင်းပြီး အားကစားလိုက်စားသူဖြစ်ပေမဲ့ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတာပါပဲ။ ဒါ့အပြင် သူက ကိုဗစ်ရောဂါပိုး ကမ္ဘာမှာမရှိဘူးလို့လည်း တွေးထားခဲ့တာပါ။ ကိုဗစ်ရောဂါပိုး ကူးစက်လို့ သူ့ရဲ့မွေးရပ်မြေ ယူကရိန်းနိုင်ငံမှာ ဆေးရုံတက်ရောက်ခဲ့ရပြီး ရက်အနည်းငယ်ကြာတော့ ဆေးရုံဆင်းခဲ့ပေမဲ့ ပြန်တက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျန်းမာရေးအခြေအနေဆိုးရွားလာခဲ့ပြီး မနေ့က သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးတဲ့သတင်းကို သူ့ရဲ့ဇနီးက အင်စတာဂရမ်အကောင့်ကနေ ကြေညာပေးခဲ့တာပါ။

သူဟာ YouTube Subscriber (၁) သန်းအတွက် အားကစားလုပ်နည်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်နည်းတို့ကို မျှဝေပေးနေသူဖြစ်ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်က သူ့ရဲ့နှလုံးကို ပျက်စီးစေခဲ့တယ်လို့ သူ့ရဲ့ဇနီးဖြစ်သူ ဆိုဖီယာ စတူဇ်ဟူခ်က ဆိုပါတယ်။ ဒီမစ်ထရီရ် နေမကောင်းဖြစ်ပြီးတဲ့နောက်မှာ သူ့ရဲ့ပရိသတ်တွေကို “ကျွန်တော် ဘယ်လိုနေမကောင်းဖြစ်ခဲ့တယ်ဆိုတာကို မျှဝေချင်ပြီး လူတိုင်းကိုလည်း သတိပေးချင်ပါတယ်။ ကျွန်တော် ရောဂါပိုးကူးစက်တဲ့အချိန်မှ ကိုဗစ်ရောဂါပိုး ကမ္ဘာပေါ်မှာ တည်ရှိနေတယ်ဆိုတာကို ယုံကြည်သွားခဲ့တာပါ။ အရင်တုန်းက အယုံအကြည်မရှိခဲ့ပါဘူး။ ကိုဗစ်-၁၉ က အချိန်အကြာကြီးရှိနေတဲ့ရောဂါပါ။ ပြင်းလည်းပြင်းထန်ပါတယ်”လို့ ပြောခဲ့ပါတယ်။

သူက တူရကီနိုင်ငံမှာ အိပ်ရာကထတော့ လည်ပင်းရောင်ရမ်းပြီး အသက်ရှုရခက်ခဲခဲ့ပါတယ်။ ယူကရိန်းနိုင်ငံပြန်ရောက်တော့ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရပြီး ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံမှာလည်း လူနာတွေနဲ့လည်း အပြည့်၊ တချို့ဆိုရင် လျှောက်လမ်းမှာ ရောဂါကုသမှုခံယူနေရတယ်လို့တောင် သူက ပြောခဲ့ပါသေးတယ်။ သူ အသက်ရှုရဖို့အတွက် အောက်စီဂျင်ပိုက် ဘယ်လိုလိုအပ်တယ်ဆိုတာကိုလည်း ပြခဲ့ပါတယ်။ ဆေးရုံတက်ရောက်ပြီး (၈) ရက်အကြာမှာ သူ ဆေးရုံက ဆင်းခဲ့ရပါတယ်။ ဒါပေမဲ့ အိမ်မှာ နေပြီး ခဏအကြာမှာ ဆေးရုံကို ပြန်တက်ရောက်ခဲ့ရပါတယ်။ သူ့ရဲ့ဇနီးကလည်း အင်စတာဂရမ်မှာ ဒီမစ်ထရီရ်ရဲ့နှလုံးမှာ ပြဿနာရှိနေတဲ့အတွက် ဘယ်လောက် ရုန်းကန်နေရလဲဆိုတာနဲ့ စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။

“သူ့အခြေအနေက အသက်သေဆုံးရမဲ့အခြေအနေဖြစ်နေပါတယယ်။ ဘယ်သူမှ ဒါကို လုပ်မပေးနိုင်ဘူး။ သူ အသက်ရှင်နိုင်ဖို့အတွက် ကျွန်မ လုပ်နိုင်တဲ့အရာမှန်သမျှကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုဆိုရင် ဒါတွေကို ကျွန်မလုပ်လည်းမရတော့ပါဘူး”လို့ ပြောပြီး ဒီမစ်ထရီရ် သေဆုံးတယ်ဆိုတဲ့အကြောင်းကို အင်စတာဂရမ်အကောင့်ကနေ ကြေညာခဲ့ပါတယ်။ ဒီမစ်ထရီရ်နဲ့ ဆိုဖီယာတို့မှာ ဒေးဗစ်၊ လိုလာနဲ့ အိုလီဗာဆိုတဲ့ ကလေး (၃) ယောက်ရှိပါတယ်။ အငယ်ဆုံးကလေးက (၉) လသားအရွယ်ပဲရှိပါသေးတယ်။ သူတို့စုံတွဲက စကားများရန်ဖြစ်ပြီး သဘောထားမတိုက်ဆိုင်လို့ လွန်ခဲ့တဲ့ (၆) လက လမ်းခွဲခဲ့ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကမှ သူတို့ ပြန်လည်အဆင်ပြေနေပြီးလည်းပြောခဲ့ပါတယ်။

Ref: Dailymail “Ukrainian fitness Instagram influencer, 33, ‘who thought Covid didn’t exist’ dies of coronavirus after contracting infection on trip to Turkey”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top