ယူကရိန်းကလေးငယ်တွေအတွက် သူငယ်ချင်း ၂ ယောက်ပေးတဲ့ အကြင်နာလွယ်အိတ်လေးများ

23-4-2022-yyl10.jpg

ဗြိတိန်နိုင်ငံက သူငယ်ချင်း ၂ ယောက်ဟာ ပိုလန်နိုင်ငံမှာရှိတဲ့ ယူကရိန်းဒုက္ခသည်ကလေးငယ်တွေအတွက် အကြင်နာလွယ်အိတ်လေးတွေ ပေးနိုင်ဖို့ ရန်ပုံငွေ ရှာဖွေနေကြပါတယ်။ စတူးဝပ်သောမတ်စ်နဲ့ နေးစပယ်ဒင်တို့ဟာ အကြင်နာလွယ်အိတ်လေးတွေ ပေးဝေဖို့အတွက် အခုလအတွင်း ပိုလန်နိုင်ငံ ဝါဆောမြို့ ဒုက္ခသည်စင်တာကို သွားခဲ့ကြပါတယ်။

လွယ်အိတ်တစ်လုံးစီမှာ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး အစရှိတဲ့ ရေချိုးခန်းသုံးပစ္စည်းတွေနဲ့ ကစားစရာအရုပ်လေးတွေ ထည့်ထားပါတယ်။ နောက်တစ်နေရာကို သွားရမယ့် ဒုက္ခသည်ကလေးငယ်တွေဟာ နာရီ ၄၀ ကြာ ခရီးစဉ်အတွက် ဘတ်စ်ကားပေါ် တက်တော့မယ့်အချိန်မှာ သူတို့က အကြင်နာလွယ်အိတ်လေးတွေ ဝေပေးခဲ့တာပါ။

ဝါဆောကုန်စည်ပြပွဲစင်တာမှာ အလုပ်လုပ်တဲ့ ဆိုင်ကောစကာဆီက အကြင်နာလွယ်အိတ်လေးတွေ ဝေပေးဖို့ အကြံရခဲ့တာပါ။ ဝါဆောကုန်စည်ပြပွဲစင်တာကိုယူကရိန်းနိုင်ငံကနေ ထွက်ပြေးလာတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ပြန်လည်နေရာချထားရေးစင်တာအဖြစ် အသုံးပြုလျက်ရှိပါတယ်။

ပိုလန်နိုင်ငံရဲ့ အခြားဒေသတွေ (သို့) ဥရောပနိုင်ငံတွေဆီ ခရီးဆက်ရမယ့် ဒုက္ခသည် ထောင်ပေါင်းများစွာကို ပြန်လည်နေရာချထားရေးစင်တာမှာ အိပ်ရာခင်းတွေ၊ အစားအသောက်၊ အဝတ်အထည်တွေပေးပြီး နှစ်သိမ့်ဆွေးနွေးမှုတွေလည်း လုပ်ပေးပါတယ်။

ဆိုင်ကောစကာက ကလေးတွေအတွက် တစ်ခုခုလုပ်ပေးဖို့ စဉ်းစားရင်း မေတ္တာတရားကို ခံစားရစေမယ့်အခိုက်အတန့်၊ လူတွေက သူတို့ကို တကယ်ဂရုစိုက်ပေးတယ်ဆိုတဲ့ ခံစားချက်မျိုး ရစေချင်ခဲ့တာပါ။ အဲဒီကနေ အကြင်နာလွယ်အိတ်တွေ ဝေပေးတဲ့ အစီအစဉ် ဖြစ်ပေါ်လာခဲ့ပြီး အကြင်နာလွယ်အိတ်တစ်လုံးအတွက် ၁၅ ပေါင် ကုန်ကျပါတယ်။

သောမတ်စ်နဲ့ စပယ်ဒင်တို့က အကြင်နာလွယ်အိတ်လေးတွေ ဝေပေးဖို့ ရန်ပုံငွေ ပေါင် ၅၀၀၀ ရရှိထားပြီဖြစ်ပြီး ဝါဆောမြို့စင်တာကို လာရောက်ခဲ့ချိန်မှာ ကလေးငယ် ၅၀၀ ကို လွယ်အိတ်တွေ ဝေပေးခဲ့ပါတယ်။ သူတို့ဝေပေးတဲ့ လွယ်အိတ်လေးတွေကို ကလေးတွေရော၊ မိဘတွေရောက အရမ်းတန်ဖိုးထားကြလို့ ကျေနပ်မိတယ်လို့ သောမတ်စ်က ဆိုပါတယ်။

Ref: BBC “Ukrainian refugee children in Poland get ‘kindness backpacks’ from UK”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top