အမေရိကန်ကလေးငယ်တွေ သေဆုံးစေတဲ့ အဓိကအကြောင်းရင်းက သေနတ်ဖြစ်လာ

25-4-2022-yyl-01.jpg

၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်နိုင်ငံမှာ ကလေးငယ်နဲ့ ဆယ်ကျော်သက်အများဆုံး သေဆုံးစေတဲ့အကြောင်းရင်းဟာ ယာဉ်မတော်တဆမှု မဟုတ်တော့ဘဲ သေနတ်တွေ ဖြစ်လာခဲ့တယ်လို့ သုတေသနသစ်မှာ ဖော်ပြပါတယ်။ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)ရဲ့ အချက်အလက်တွေအရ ၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်နိုင်ငံမှာ လက်နက်နဲ့ဆက်နွှယ်တဲ့ ဒဏ်ရာတွေကြောင့် လူငယ် ၄၃၀၀ ကျော် သေဆုံးခဲ့တာ တွေ့ရပါတယ်။

သေနတ်နဲ့ဆက်နွှယ်တဲ့ သေဆုံးမှုအများစုမှာ လူသတ်မှုက အများဆုံးဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုလည်း ပါဝင်နေပါတယ်။ အမေရိကန်နိုင်ငံသားတွေဟာ သေနတ် သန်း ၃၉၀ ကျော် ပိုင်ဆိုင်ကြပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်နိုင်ငံတစ်ဝန်း လက်နက်ကိုင်ဆောင်ပြီး လူသတ်မှု ၃၃.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို သေနတ်နဲ့ဆက်နွှယ်တဲ့ဖြစ်ရပ်တွေကြောင့် အသက် ၁ နှစ်နဲ့ ၁၉ နှစ်ကြား အမေရိကန်လူငယ်တွေ သေဆုံးမှုလည်း မြင့်တက်လာခဲ့တယ်လို့ အခုတစ်ပတ်ထုတ် New England ဆေးပညာစာစောင်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ သေနတ်နဲ့ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုနှုန်းကလည်း ၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ လူသတ်မှု၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု၊ မရည်ရွယ်ဘဲ သတ်မှု၊ ရည်ရွယ်ချက်ရှိရှိ သတ်မှု အစရှိတဲ့ သေနတ်နဲ့ဆက်နွှယ်တဲ့ အကြောင်းရင်းတွေကြောင့် ကလေးငယ်နဲ့ ဆယ်ကျော်သက် သေဆုံးမှုဟာ ၂၉.၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အဲဒီပမာဏဟာ အသက်အရွယ်မျိုးစုံပါဝင်တဲ့ လူစုနဲ့ နှိုင်းယှဉ်ရင် ၂ ဆကျော် ပိုများနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်နိုင်ငံမှာ လူငယ်တွေ အများဆုံးသေဆုံးစေတဲ့ အဓိကအကြောင်းရင်းက ယာဉ်မတော်တဆမှုဖြစ်ပြီး သေနတ်က သေဆုံးမှု ဒုတိယအများဆုံးအကြောင်းရင်း ဖြစ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုတွေ နည်းပါးလာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးရတဲ့ အသက် ၁၉ နှစ်အောက် အမေရိကန်လူငယ် ၃၉၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်ကြားကာလအတွင်း လူ ၁ သိန်းကို သေနတ်ကြောင့် သေဆုံးမှုနှုန်းထားမြင့်တက်လာခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသားမျိုးနွယ်စုတွေ ရှိရာ နေရာတွေမှာ အမျိုးသား၊ အမျိုးသမီး (၂)မျိုးလုံး သေနတ်ကြောင့် သေဆုံးမှုမြင့်တက်လာခဲ့တာဖြစ်ပြီး အမေရိကန်လူမည်းတွေကြားမှာ သေဆုံးမှုနှုန်း အမြင့်မားဆုံးပါပဲ။ ၂၀၂၀ ပြည့်နှစ်အစောပိုင်းက အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း သေနတ်ကိုင် တိုက်ခိုက်မှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

သီးခြားသုတေသနတစ်ရပ်အရ ၂၀၂၁ ဇန်နဝါရီလကနေ ဧပြီလကြား ကပ်ရောဂါကာလအတွင်းမှာ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ အရွယ်ရောက်သူ ၇.၅ သန်းဟာ ပထမဆုံးအကြိမ် သေနတ်ပိုင်ဆိုင်ခွင့်ရသူတွေ ဖြစ်လာခဲ့တယ်လို့ Annals of Internal Medicine စာစောင်မှာ ဖော်ပြပါတယ်။

Ref: BBC “Gun deaths were the leading killer of US children in 2020
Published12 hours ago”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top