ယူကရိန်းတောင်ပိုင်းကို သိမ်းပိုက်ပြီး မော်လ်ဒိုဗာခွဲထွက်ရေးဒေသနဲ့ လမ်းဖောက်ဖို့ ရည်မှန်းတယ်လို့ ရုရှားထိပ်တန်းဗိုလ်ချုပ် ဆို

23-4-2022-yyl09.jpg

ယူကရိန်းနိုင်ငံတောင်ပိုင်းကို သိမ်းပိုက်ပြီး မော်လ်ဒိုဗာနိုင်ငံရှိ ခွဲထွက်ရေးလိုလားသူများရှိရာ ထရန်စနိုင်စထရီယာဒေသနဲ့ လမ်းကြောင်းဖောက်ဖို့ ရုရှားနိုင်ငံက ရည်မှန်းထားတယ်လို့ ရုရှားနိုင်ငံရဲ့ထိပ်တန်းဗိုလ်ချုပ်တစ်ဦးက ပြောပါတယ်။ ရုရှားအာဏာပိုင်တွေ သိမ်းပိုက်ဖို့ ရည်မှန်းထားတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသအပြင် ယူကရိန်းနိုင်ငံတောင်ပိုင်းကိုပါ အပြည့်အဝထိန်းချုပ်ဖို့ ကြိုးပမ်းသွားမယ်လို့ ဗိုလ်ချုပ် မင်နီကာယက်ဗ်က ဆိုပါတယ်။

ယူကရိန်းနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထရန်စနိုင်စထရီယာဒေသဟာ ရုရှားရဲ့ ပံ့ပိုးမှုရရှိထားပြီး ၁၉၈၅ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း ရုရှားစစ်သည် ၁၅၀၀ စခန်းချနေတဲ့ ဒေသပါ။ ဗိုလ်ချုပ် မင်နီကာယက်ဗ်က တရားဝင်ခွင့်ပြုချက်နဲ့ အခုလို မှတ်ချက်ပေးခဲ့တာ ဟုတ်၊ မဟုတ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ တရားဝင်ခွင့်ပြုချက်နဲ့ မှတ်ချက်ပေးခဲ့တာဆိုရင်တော့ လာမယ့်သီတင်းပတ်တွေအတွင်း ရုရှားနိုင်ငံရဲ့အစီအစဉ်တွေကို ပထမဆုံးအကြိမ် လှစ်ဟမှုဖြစ်မှာပါ။

လာမယ့်ရက်ပိုင်းအတွင်းမှာ ရုရှားက ယူကရိန်းနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက်နဲ့ အရှေ့ပိုင်းမှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာဖွယ်ရှိပြီး လာမယ့် ၂ ပတ်က စစ်ပွဲရဲ့ အဆုံးအဖြတ်ကာလ ဖြစ်နိုင်တယ်လို့ ဥရောပသမဂ္ဂရဲ့ ထိပ်တန်းအရာရှိတစ်ယောက်က ပြောပါတယ်။ ဗိုလ်ချုပ် မင်နီကာယက်ဗ်ရဲ့မှတ်ချက်တွေဟာ ရုရှားနယ်ချဲ့ဝါဒကို ဖော်ပြနေတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးက ရှုတ်ချခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ သူတို့သိမ်းပိုက်ထားတဲ့ဒေသတွေမှာ သူတို့ကို လိုလားတဲ့ပြည်နယ်တွေ ဖန်တီးနိုင်ဖို့အတွက် ဟန်ပြပြည်သူ့ဆန္ဒခံယူပွဲတွေ ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလင်စကီးက ပြောပါတယ်။

” ခင်ဗျားတို့ကို စာရွက်ပေါ်မှာ မေးခွန်းတချို့ ဖြေခိုင်းရင်တော့ ကိုယ့်နိုင်ငံကူးလက်မှတ်ဒေတာတွေကို မရေးမိစေနဲ့။ ဒါက ခင်ဗျားတို့ကို အထောက်အပံ့မဖြစ်စေဘူးဆိုတာ သိမှာပါ။ မော်စကိုကနေ ညွှန်ကြားချက် ရလာခဲ့ရင် ကျွန်တော်တို့မြေပေါ်မှာ ဟန်ပြပြည်သူ့ဆန္ဒခံယူပွဲတွေ ကျင်းပဖို့ ရည်ရွယ်လာပါလိမ့်မယ်။ ဒါက အဖြစ်မှန်ပါပဲ။ ဂရုစိုက်ကြပါ” လို့ ဇီလင်စကီးက သတိပေးခဲ့ပါတယ်။

Ref: BBC “Ukraine war: Russia ‘plans to seize southern Ukraine'”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top