လာမည့်ပြိုင်ပွဲများအတွက် အန်တိုနီယာ၏ မျှော်မှန်းချက်နှင့် လေ့ကျင့်ပြင်ဆင်မှုများ

yyl69029.jpg

ONE Championship ၏ မြန်မာအမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားမယ် ဘိုဟီနာ “တိုတို” အန်တိုနီယာသည် ပြီးခဲ့သည့် ဇွန်လအတွင်းကကျင်းပခဲ့သည့် ONE: Masters of Destiny ပြိုင်ပွဲတွင် ၎င်း၏ တတိယမြောက်နိုင်ပွဲအဖြစ် ဗီယက်နမ်သူ Bi “Killer Bee” Nguyen ကို အနိုင်ယူခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ကာအနားယူနေသူဖြစ်သည်။ လတ်တလောတွင် ONE Championship ဘက်မှ လာမည့်ပြိုင်ပွဲအတွက် အန်တိုနီယာရင်ဆိုင်ရမည့် ပြိုင်ဘက်ကိုလျာထားပြီးဖြစ်သော်လည်း အပြီးသတ် အတည်မပြုရသေးသဖြင့် ထုတ်ဖော်ကြေညာခြင်းမပြုသေးပေ။ ယင်းပြိုင်ဘက်နှင့်ပတ်သက်၍ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ပြီဖြစ်သော်လည်း Bali MMA သို့ မပြန်နိုင်သေးသဖြင့် လေ့ကျင့်မှုမစရသေးကြောင်း အန်တိုနီယာကဆိုသည်။

“လောလောဆယ် မြန်မာပြည်မှာပဲရှိသေးတယ်ဆိုတော့ ဘာမှမပြင်ဆင်ရသေးဘူး။ ဘာလီပြန်ရောက်မှပဲ ဆရာတွေနဲ့ စကားပြောပြီး သေချာညှိပြီး သေချာပြန်လေ့ကျင့်ရမှာပေါ့။ လေ့ကျင့်ဖို့အတွက်အချိန်မရသေးဘူး ဖြစ်နေတာ။ ဒီမှာက ဗီဇာကိစ္စစောင့်နေတာ ဆိုတော့လေ။ အဲဒီရောက်မှ လေ့ကျင့်ရေးအတွက် ပြင်ဆင်ရမှာ။ ဒီမှာကတော့ ရတဲ့အချိန်မှာ ပုံမှန် မတ်တပ်ရပ်တိုက်ခိုက်တာကို လေ့ကျင့်ဖြစ်တယ်” ဟု အန်တိုနီယာက ပြောပြခဲ့သည်။

မြန်မာနိုင်ငံ၏ တစ်ဦးတည်းသောအမျိုးသမီး ONE Championship ကစားသမား အန်တိုနီယာသည် ပြိုင်ပွဲရှိသည့်အချိန်နှင့် နေရပ်ပြန်အနားယူသည့်အချိန်များမှ လွဲ၍ Bali MMA အားကစားရုံတွင် တစိုက်မတ်မတ်အခြေစိုက်ကာ လေ့ကျင့်စခန်းဝင်နေသူ ဖြစ်သည်။ အာရှ၏ အကောင်းဆုံးအားကစားရုံတစ်ခုဖြစ်သည့် Bali MMA သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းပေါ်တွင်တည်ရှိပြီး ONE Championship နှင့် အခြားပြိုင်ပွဲများမှ နာမည်ကျော်အားကစားသမားများ လာရောက်လေ့ကျင့်နေကြသည့် အားကစားရုံလည်းဖြစ်သည်။ သို့သော် လတ်တလော အင်ဒိုနီးရှားနိုင်ငံ၏ ပြည်ဝင်ခွင့်မူဝါဒများအရ ဘာလီသို့ ဗီဇာရရှိရန်အခက်တွေ့နေကြောင်း အန်တိုနီယာကပြောပြခဲ့သည်။

“ဗီဇာ အခက်အခဲဖြစ်နေလို့။ ဟိုဘက်ကခေါ်ပေးမှရမယ်လို့ ပြောတယ်။ ခေါ်တဲ့သူကလည်း အင်ဒိုနီးရှားနိုင်ငံသားဖြစ်ရမယ် ပေါ့နော်။ အရင်တုန်းကတော့ ဒီအတိုင်းပဲသွားတာ။ ဟိုဘက်က ဆရာတွေရဲ့ ခေါ်စာနဲ့သွားတာရတယ်။ အခုကျတော့ ဆရာတွေက အင်ဒိုနီးရှားနိုင်ငံသားမဟုတ်တော့ သူ့မူဝါဒ ပြောင်းသွားတဲ့အခါမရတော့ဘူး။ နည်းနည်း ဒုက္ခရောက်နေတယ်။ အလည်အပတ်ဗီဇာက တစ်လပဲရမှာ။ ဝင်လိုက် ထွက်လိုက်ဖြစ်နေမယ်”ဟု အန်တိုနီယာက ရှင်းပြခဲ့သည်။

အသက် (၂၄) နှစ်အရွယ်ရှိ အန်တိုနီယာသည် ပြည်တွင်းတွင် အနောက်တိုင်းလက်ဝှေ့ ရွှေတံဆိပ် နှစ်ခုရရှိခဲ့ဖူးပြီး ၂ဝ၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲအတွက်လည်း နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်ခံခဲ့ရဖူးသူဖြစ်သည်။ အထက်တန်းကျောင်းသူ အရွယ်ကတည်းက အနောက်တိုင်းလက်ဝှေ့ကိုသင်ယူခဲ့သည့် အန်တိုနီယာသည် ONE Championship တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲပေါင်း (၄) ပွဲသာကစားထားပြီး မြန်မာနိုင်ငံသူ ရွှေစင်၊ မလေးရှားနိုင်ငံသူ Audreylaura Boniface နှင့် ဗီယက်နမ်ကစားသမား Bi Nguyen တို့ကိုအနိုင်ရထားကာ ထိုင်းနိုင်ငံသူ Rika Ishige ကို ရှုံးနိမ့်ထားသည်။

အန်တိုနီယာသည် မြန်မာပြည်တွင်ရောက်ရှိနေစဉ်ကာလအတွင်း လွိုင်ကော်မြို့မှ စိန်မာတင်ဘိုးဘွားရိပ်သာနှင့် ရန်ကုန်မြို့မှ ခဝဲခြံ မျက်မမြင်ကျောင်းများသို့သွားရောက်ကာ ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သည်ကိုလည်းတွေ့ရသည်။ ဆက်လက်ပြီး အန်တိုနီယာက လာမည့်ပွဲတွင် ၎င်းရင်ဆိုင်ရမည့်ပြိုင်ဘက်သည် ယခင်ပြိုင်ဘက်များထက်ပိုကောင်းသူဖြစ်သဖြင့် ပိုမိုခက်ခဲသည့်ပွဲတစ်ပွဲဖြစ်လာနိုင်ချေရှိကြောင်းပြောပြခဲ့သည်။

“ပွဲကတော့ တဖြည်းဖြည်းချင်းပိုကောင်းလာတဲ့ပြိုင်ဘက်တွေနဲ့ တွေ့ရတာဆိုတော့ အရင်ပွဲတွေထက် ပိုပြီးတော့လေ့ကျင့်ရမှာပေါ့။ ဒါပေမဲ့ လေ့ကျင့်ချိန်က သိပ်မကျန်တော့ဘူး။ နည်းနည်းတော့ ပြဿနာရှိတာပေါ့။ အကောင်းဆုံးကြိုးစားမှာပါ။ အရင်ပြိုင်ဘက်တွေထက်လည်း ပိုကောင်းတယ်။ မြေပြင်ချုပ်ကွက်တွေလည်းကောင်းတယ်ဆိုတော့။ သူက မတ်တပ်ရပ်တိုက်တာလည်း ကောင်းတယ်။ ဘာလီရောက်တာနဲ့ ပြန်လေ့ကျင့်မှရမယ်။ လေ့ကျင့်ချိန် တစ်လကျော်လောက်ပဲရတော့မယ်။ အချိန်ကသိပ်မရှိတော့ဘူး” ဟု အန်တိုနီယာကဆိုသည်။

အန်တိုနီယာသည် စက်တင်ဘာလဆန်းတွင်ကျင်းပမည့် ONE: Immortal Triumph ပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ရန်ကမ်းလှမ်းခြင်းခံခဲ့ရသေးသည်။ သို့သော် ယင်းပြိုင်ပွဲက ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပွဲမပါဝင်ဘဲ မွေထိုင်းနှင့် Kickboxing ပွဲများသာပါဝင်သဖြင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ အနောက်တိုင်းလက်ဝှေ့ အခြေခံရှိထားသည့် အန်တိုနီယာသည် Bali MMA တွင် မွေထိုင်းပညာကို တွဲဖက်လေ့ကျင့်လျက်ရှိသော်လည်း မွေထိုင်းသီးသန့်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်လိုခြင်းမရှိဟုဆိုထားသည်။

(ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို လာမည့် စက်တင်ဘာလ (၆) ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ည ၈နာရီအချိန်တွင် Skynet Sports 3 နှင့် MNTV တို့တွင် တိုက်ရိုက်ထုတ်လွင့်မည်ဖြစ်ပြီး ONE Championship ၏ ONE Super App https://www.onefc.com/download-app/ တွင် ညနေ (၅) နာရီကတည်းက စတင်ပြသမည်ဖြစ်ရာ အခမဲ့ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှူနိုင်ပါသည်)

Ref: ONE Championship

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top